ပဲခူးမြို့ပေါ်မှာ စစ်တပ်က သံချပ်ကာယာဉ်သုံးပြီး စစ်အင်အားအများအပြားနဲ့ကင်းလှည့်

ပဲခူးမြို့ပေါ်မှာ စစ်တပ်က သံချပ်ကာယာဉ်သုံးပြီး စစ်အင်အားအများအပြားနဲ့ကင်းလှည့်

ပဲခူးမြို့ပေါ်မှာ စစ်ကောင်စီတပ်က နိုဝင်ဘာလ ၇ ရက် မနေ့ည ၉ နာရီခန့်မှာ သံချပ်ကာယာဉ်သုံးပြီး စစ်အင်အားအများအပြားနဲ့ ကင်းလှည့်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။  

စစ်အင်အား ၁၀၀ နဲ့အထက်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စစ်ယာဉ်တန်း၊ ရဲယာဉ်တန်း၊ ခြေလျင်စစ်ကြောင်းတွေနဲ့ ည ၁၂ နာရီခန့်အထိ မြို့တွင်းလှည့်လည်ခဲ့တယ်လို့ ဆိုပါတယ်။

"ဘာကြောင့်ဆိုတာတော့ မသိရဘူး။ ညက ခြေလျင်နဲ့ကော ယာဥ်တွေနဲ့ပါ သွားလာကင်းလှည့်နေကြတယ်လို့တော့ သိရတယ်။  ဘာထူးခြားလို့လဲတော့မသိဘူး။ အာ ဏာသိမ်းကာစကတောင် ခုလိုသွားတာ မတွေ့ရဘူး"လို့ ပဲခူးမြို့ခံတဦးက ပြောပါတယ်။

စစ်ကောင်စီဘက်က ယခုလို အင်အားပြကင်းလှည်လာတာတွေကြောင့် မြို့တွင်းတိုက်ပွဲတွေ ဖြစ်လာနိုင်မလားဆိုပြီး ဒေသခံတွေမှာ စိုးရိမ်စိတ်တွေဖြစ်နေတယ်လို့ ဆိုပါတယ်။

 

"မြောက်ပိုင်းဘက်မှာ ၁၀၂၇ စစ်ဆင်ရေးဆိုပြီး စခန်းသိမ်းနဲ့မြို့သိမ်းတိုက်ပွဲတွေရှိလာတော့ တောင်ပိုင်းဘက်မှာလည်း အဲ့လိုကြုံလာရမှာ စိုးပြီးတော့ ဒေသခံတွေကို ဝါဒဖြန့် အကြောက်တရားသွင်းတာ ဖြစ်နိုင်တယ်။ ခုပြတဲ့အင်အားကလည်း စကစ တဖွဲ့တည်းကမဖြစ်နိုင်ဘူး။ ရဲကော ပျူတွေကော ပါလောက်တယ်"လို့ တောင်ပိုင်းတိုင်းစစ်ဒေသခွဲ မြေပြင်တာဝန်ရှိသူတဦးက သုံးသပ်ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့ကစပြီး ပဲခူးမြို့နယ်အတွင်းမှာ ညမထွက်ရအမိန့်ကို စစ်ကောင်စီဘက် ပယ်ဖျက်ခဲ့ပြီး လက်ရှိမှာ စစ်အင်အားအလုံးအရင်းနဲ့ကင်းလှည့်လည်တာတွေ လုပ် ဆောင်လာတာပါ။

အောက်တိုဘာလ ၂၇ ရက်မှာဘဲ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေက  ၁၀၂၇ စစ်ဆင်ရေးအမည်နဲ့ ရှမ်းမြောက်ဒေသစစ်ကောင်စီစခန်းတွေကို ဆက်တိုက်သိမ်းပိုက်လာသလို စစ်ကိုင်း အထက်ပိုင်းမှာလည်း တော်လှန်ရေးအင်အားစုတွေက မြို့သိမ်းတိုက်ပွဲတွေ ဖော်ဆောင်နေတာလည်း ဖြစ်ပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ပဲခူး #စစ်ကောင်စီတပ် #ကင်းလှည့် #သံချပ်ကာယာဉ် #အင်အားပြ #မြို့သိမ်းတိုက်ပွဲ #သတင်း #မြေလတ်သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10