ပဲခူးမြို့မှာ စစ်ကောင်စီက နေအိမ်ဓာတ်ပုံရိုက်တာ၊ အိမ်ထောင်စုစစ်ဆေးတာတွေကြောင့် မြို့ခံတွေ ထိတ်လန့်နေ

ပဲခူးမြို့မှာ စစ်ကောင်စီက နေအိမ်ဓာတ်ပုံရိုက်တာ၊ အိမ်ထောင်စုစစ်ဆေးတာတွေကြောင့် မြို့ခံတွေ ထိတ်လန့်နေ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ပေါ်ရပ်ကွက်တွေမှာ နေအိမ်တွေကို ဓာတ်ပုံရိုက်၊ အိမ်ထောင်စုဇယားတွေ တောင်းနေလို့ ဒေသခံတွေ စိုးရိမ်နေတယ်လို့ ပဲခူးမြို့ခံတွေက ပြောပါတယ်။ 

ဇန်နဝါရီ ဒုတိယအပတ်လောက်က စတင်ကာ မြို့နယ်ထွေအုပ်နဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေပါတဲ့ အဖွဲ့တွေက ရပ်ကွက်တွေထဲက နေအိမ်တွေကို ဓာတ်ပုံလိုက်ရိုက်ပြီး အိမ်ထောင်စုဇယားတွေ တောင်းယူကာ အိမ်ထောင်ဦးစီးနာမည်တွေကို ယူသွားတယ်လိုဆိုပါတယ်။

"ဘာကြောင့်လာကောက်တယ်ဆိုတာ မေးလည်း မဖြေဘူး။ သူတို့လိုချင်တာ တောင်းတယ်။ မပေးဘူးလို့လည်း မပြောရဲဘူး။ သူတို့ခေတ်ဆိုတော့ ပြဿနာရှာမှာလည်း စိုးရိမ်နေရတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီမှာ တပ်ဖွဲ့ဝင်အင်အား လိုအပ်ချက် ကြီးမားလာတာကြောင့် ဇန်နဝါရီလပထမအပတ်ထဲမှစတင်ကာ ပဲခူးတိုင်းအတွင်းရှိ မြို့နယ်တွေမှာ စစ်ကောင်စီက ပြည်သူ့စစ်အင်အားတွေလိုက်လံတောင်းခံတာတွေ လုပ်နေကြတာပါ။

ဒါကြောင့် အခုလို ပဲခူးမြို့ပေါ်က ရပ်ကွက်တွေမှာ လူနေအိမ်တွေကို ဓာတ်ပုံရိုက်တာ၊ အိမ်ထောင်စုဇယား စစ်ဆေးတာတွေ ပြုလုပ်နေတာကို ဒေသခံတွေက စိုးရိမ်နေကြတာပါ။  

“ပြည်သူ့စစ်ဖွဲ့ဖို့ မလိမ့်တပတ်နဲ့ နာမည်စာရင်းလာကောက်သွားတာဆိုရင် လက်မခံဘဲ နည်းလမ်းတခုခုနဲ့ တုန့်ပြန်သွားမယ်” လို့ ပဲခူးမြို့ခံတဦးက ပြောပါတယ်။ 

ပဲခူးမြို့ပေါ်မှာ ပြည်သူ့စစ်ထဲဝင်ဖို့ ဒေသခံတွေကို စစ်ကောင်စီဘက်က ဖိအားပေးတာတွေ မလုပ်သေးပေမယ့် ကျေးရွာတွေဘက်မှာတော့ တရွာကို လူ ၂၀ နှုန်းနဲ့ ပြည်သူ့စစ်ဖွဲ့ရမယ်ဆိုပြီး ဖိအားပေးတာတွေရှိနေတယ်လို့ ဆိုပါတယ်။

ပဲခူးတိုင်းတတိုင်းလုံးမှာ စစ်ကောင်စီအနေနဲ့ ကျေးရွာတွေမှာ ပြည်သူ့စစ်ဖွဲ့ဖို့ ဖိအားပေးနေပြီး ပြည်သူ့စစ်ထဲ မဝင်လိုသူတွေများတာကြောင့် မဲနှိုက်ခိုင်းတာ၊ ငွေကြေးပေးပြီး ဝင်ခိုင်းတာနဲ့ အတင်းအဓမ္မ ခြိမ်းခြောက်ဝင်ခိုင်းတာတွေလုပ်နေတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #ဓာတ်ပုံရိုက် #အိမ်ထောင်စုဇယား #စိုးရိမ် #ပြည်သူ့စစ် #တပ်သားစုဆောင်း #စုဆောင်းရေး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10