ပဲခူးမြို့မှာ တန်ဆောင်တိုင် မီးထွန်းပွဲတော်လုပ်ဖို့ စစ်ကောင်စီ ပြင်ဆင်နေ

ပဲခူးမြို့မှာ တန်ဆောင်တိုင် မီးထွန်းပွဲတော်လုပ်ဖို့ စစ်ကောင်စီ ပြင်ဆင်နေ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ရွှေမော်ဓောဘုရားနဲ့ ယာဥ်ရပ်နားကွင်းမှာ တန်ဆောင်တိုင် မီးထွန်ပွဲတော် ပြုလုပ်ဖို့ စစ်ကောင်စီဘက်က ပြင်ဆင်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

တန်ဆောင်တိုင် မီးထွန်းပွဲတော်ကို  နိုဝင်ဘာ ၂၅ ရက်မှ ၂၇ ရက်အထိ ပြုလုပ်သွားဖို့ စီစဥ်နေပြီး ပြင်ဆင်မှုတွေလည်း လုပ်နေတယ်လို့ ဆိုပါတယ်။

"ခုတွေ့ရသလောက်ကတော့ မီးတွေ လိုက်ဆင်နေတာရှိတယ်။ ဆိုင်ခန်းတွေတော့ မတွေ့ရသေးဘူး။ စတုဒိသာကျွေးဖို့ မဏ္ဍပ်တွေတော့ လုပ်နေတာရှိပြီ။ ကျန်တာတော့ ထွေထူးမတွေ့ရသေးဘူး။ သူတို့ဘက်ကတော့ ပဲခူးက သာယာအေးချမ်းနေတယ်ဆိုတာရော ပြချင်လို့ လုပ်နေတာပါပဲ"လို့ ဒေသခံတဦးက ပြောပါတယ်။

အခုနှစ်ပြုလုပ်မယ့်  တန်ဆောင်တိုင် မီးထွန်းပွဲတော်ကာလအတွင်း ရွှေမော်ဓော စေတီတော်မြတ်ကြီးရဲ ရင်ပြင်ပေါ်မှာ ရက်ကန်းစင် (၅)စင်နဲ့ မသိုးသင်္ကန်း ရက်လုပ်ပူဇော်တာ၊  မီးရှူးမီးပန်းများ ပစ်လွှတ်ပူဇော်ခြင်း၊ အလှ ညမီးကြီးနဲ့ စိန်နားပန် မီးပုံးပျံကြီးတွေ လွှတ်တင်ပူဇော်တာတွေကို ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ဒါ့အပြင် ပဲခူးမြို့အတွင်းရှိ အဓိကလမ်းအချို့၊  အပန်းဖြေဥယျာဉ်တွေမှာ LED မီးတွေနဲ့ အလှဆင်ထားရှိခြင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းတွေရဲ့ ဒေသထွက်ကုန်၊ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်း အရောင်းဆိုင်တွေ၊ ဒေသထွက် မြန်မာ့ရိုးရာ မုန့်ဆိုင်တွေ ခင်းကျင်းပြသ ရောင်းချသွားဖို့ စီစဥ်နေပါတယ်။

ပျော်ပွဲရွှင်ပွဲအနေနဲ့ သရုပ်ဆောင်တချို့ကိုခေါ်ယူပြီး  သီဆိုဖျော်ဖြေခိုင်းတာ စတုဒိသာ ကျွေးမွေးတာတွေလည်း ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ပဲခူးမြို့မှာ စစ်ကောင်စီတပ်တွေက ညဘက်တင့်ကားတွေအသုံးပြုပြီး အင်အားပြ ကင်းလှည့်တာတွေ ၂ ရက်ခန့်ပြုလုပ်ခဲ့ပြီး နောက်ပိုင်းမှာ ညပိုင်းကင်းလှည့်တာတွေ မတွေ့ရတော့ဘဲ ရပ်ကွက်ရုံးတွေနဲ့  မြို့တွင်းနေရာအချို့မှာ ကင်းပုန်းယူထားတာတွေတော့ရှိနေပါတယ်။

မတ် ၂၈ ရက် ညနေက ပဲခူးမြို့၊ ရွှေမော်ဓောဘုရား၊ ကားကြီးကွင်းထဲမှာ ဘုရားပွဲလုပ်နေချိန် စျေးဆိုင်တန်းတွေ ဘက်မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပွဲစျေးလာ အမျိုးသမီး ၁ ဦးထိခိုက်ခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #ပဲခူးမြို့ #ရွှေမောဓောဘုရား #တန်ဆောင်တိုင် #မီးထွန်ပွဲတော် #စစ်ကောင်စီ #လုံခြုံရေး #တင့်ကား #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10