သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ရပ်ကွက်ကြီး ၇၊ မြခွာညိုလမ်းမှာ အမျိုးသား ၁ ဦး ထပ်မံရေနစ် သေဆုံးခဲ့တာကြောင့် ရေကြီးမှုကာလအတွင်းသေဆုံးသူ ၅ ဦးထိရှိလာတယ်လို့ ဒေသခံပရဟိတအဖွဲ့တွေထံက သိရပါတယ်။
ဩဂုတ် ၄ ရက် မနက် ၁၁ နာရီခန့်မှာ မြခွာညိုလမ်းနေ အသက် ၃၀ ကျော် အမျိုးသား ၁ ဦး ရေမြောင်းထဲကျပြီး ပျောက်ဆုံးခဲ့ရာ မွန်းလွဲ ၂ နာရီကျော်မှာ သေဆုံးလျက်ပြန်တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
"အိမ်ကနေအပြင်ထွက်ရင်း ရပ်ကွက်ထဲက ရေမြောင်းထဲကျသွားတယ်လို့ သိရတယ်။ ရေကလည်းကြီးနေတော့ နှစ်နာရီကျော်လောက်ဝိုင်းရှာပြီးမှ အလောင်းကို ပြန်တွေ့ရတာ" လို့ ပဲခူးအခြေစိုက် ပရဟိတအသင်းဝင်တဦးက ပြောပါတယ်။
ရေနစ်သေဆုံးသွားတဲ့အမျိုးသားအလောင်းကိုတော့ ဒေသခံပရဟိတအသင်းတွေက ပဲခူးဆေးရုံကို ပို့ဆောင် ပေးခဲ့ကြပါတယ်။
အခုရေနစ်သေဆုံးသူအမျိုးသားအပါအဝင် ပဲခူးမြို့ရေကြီးမှုကာလအတွင်း သေဆုံးသူဦးရေဟာ ၅ ဦးအထိ ရှိသွားပြီလို့ သိရပါတယ်။
ကလေး ၁ ဦးအပါအဝင် ၄ ဦးဟာ ရေနစ်သေဆုံးတာဖြစ်ပြီး ကျန် ၁ ဦးက ဓာတ်လိုက်သေဆုံးခဲ့တာဖြစ်ပါတယ်။
ပဲခူးမြို့နယ်မှာ ရေကြီးရေလျှံမှုကြောင့် ရပ်ကွက်၊ ကျေးရွာပေါင်း ၃၀ ကျော်က ဒေသခံ ၃၀,၀၀၀ ခန့် ရေဘေး ရှောင်နေရပြီး ကယ်ဆယ်ရေးစခန်း ၂၇ ခုထိဖွင့်လှစ်ခဲ့ရပါတယ်။
ဩဂုတ် ၅ ရက်မှာ ရေပြန်ကျနေပြီဖြစ်လို့ ရေဘေးသင့်ပြည်သူတချို့ နေအိမ်ပြန်ကြပေမယ့် ကျန်ရစ်နေသူတွေ လည်းရှိနေသေးတယ်လို့ သိရပါတယ်။
စာတည်း - လင်းဇေ
#မြေလတ်အသံ
#ပဲခူးတိုင်း #ပဲခူးမြို့ #ဥဿာမြို့သစ် #အမျိုးသား #ရေနစ် #ရေကြီး
Share Share Share