ပဲခူးမြို့ရေကြီးမှု လူရာနဲ့ချီပိတ်မိနေပြီး အရေးပေါ်စက်လှေတွေ လိုအပ်နေကြောင်း ကယ်ဆယ်ရေးအဖွဲ့တွေပြော

ပဲခူးမြို့ရေကြီးမှု လူရာနဲ့ချီပိတ်မိနေပြီး အရေးပေါ်စက်လှေတွေ လိုအပ်နေကြောင်း ကယ်ဆယ်ရေးအဖွဲ့တွေပြော

 

ပဲခူးမြို့မှာ ရေကြီးရေလျှံမှုဆက်လက်မြင့်တက်နေပြီး မြို့ပေါ်ရပ်ကွက်တချို့မှာ ပိတ်မိနေသူတွေ အများအပြားရှိနေတာကြောင့် အရေးပေါ်ကယ်ဆယ်ရေးအတွက် စက်လှေတွေ လိုအပ်နေတယ်လို့ လူမှုကူညီရေးအဖွဲ့ဝင်တွေက ပြောပါတယ်။

အောက်တိုဘာလ ၉ ရက် ဒီကနေ့ မနက်ပိုင်းအခြေနေအရ ပဲခူးမြို့ပေါ်အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေအမြင့် ၁၀ ပေကျော်အထိဝင်ရောက်နေတာကြောင့် ထိရောက်တဲ့ကယ်ဆယ်ရေးတွေလုပ်ဆောင်နိုင်ဖို့ စက်လှေ လိုအပ်ချက်ရှိနေတယ်လို့ ဆိုပါတယ်။

"လက်ရှိ ရေကတော်တော်တိုးနေတယ်။ အကူအညီတောင်းသူတွေလည်း များနေတယ်။ ပိတ်မိနေတာက ရာနဲ့ချီ ရှိနိုင်တယ်။ မြို့မှာရှိတဲ့ လက်ယက်လှေတွေလောက်နဲ့ မလုံလောက်ဘူး" လို့ ကယ်ဆယ်ရေးလုပ်ဆောင်ပေးနေတဲ့ လူမှုကူညီရေးအသင်းဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

ဇောင်းတူဆည်မှာ  ရေကျော်နေတာကြောင့် ရေလွှတ်ချမှုတွေ လုပ်ဆောင်နေတဲ့အတွက်လည်း ရေပိုများလာမယ့်အခြေနေမှာရှိနေကာ ပဲခူးမြို့ဝန်းကျင်ရှိ ဆည်တွေမှာလည်း လတ်တလောရေကျော်နေတာတွေရှိနေတယ်လို့ သူက ဆိုပါတယ်။

ရေကြီးရေလျှံမှုကြောင့် ရေဘေးရှောင်ကယ်ဆယ်ရေးစခန်း ၂၀ ကျော်  ဖွင့်လှစ်ထားရပြီး လူဦးရေတသောင်းကျော်ပြောင်းရွှေ့နေရကာ စားသောက်စရာတွေနဲ့ရေ အရေးပေါ်လိုအပ်ချက်တွေရှိနေတယ်လို့ သိရပါတယ်။

ပဲခူးမြစ်ရေရဲ့ စိုးရိမ်ရေမှတ်ဟာ ၈၈၀ စင်တီမီတာဖြစ်ကာ ဒီကနေ့ မနက် ၅ နာရီအထိတိုင်းထွာချက်အရ မြစ်ရေဟာ ၁၀၀၄  စင်တီမီတာ အထိရောက်ရှိနေတယ်လို့ မိုးဇလဌာနက ထုတ်ပြန်ထားပါတယ်။

ပဲခူးမှာ ၃ ရက်ကြာ မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် အောက်တိုဘာ ၇ ရက်ညပိုင်းကစတင်ကာ ရေကြီး၊ရေလျှံမှု တကျော့ပြန်ဖြစ်ပေါ်လာတာဖြစ်ပြီး ပြီးခဲ့တဲ့ ဇူလိုင်၊ ဩဂုတ်နဲ့ စက်တင်ဘာလတွေမှာလည်း ရေကြီး၊ရေလျှံမှုတွေ ဖြစ်ပွားခဲ့ပါသေးတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ပဲခူး #ရေကြီးမှု #အရေးပေါ်ကယ်ဆယ်ရေး #စက်လှေ #လိုအပ်မှု #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10