ပဲခူးမှာ တပ်ထောက်ခံပွဲလုပ်အပြီး အထက ၁ ကျောင်းအနီးမှာ ဗုံးတွေ့တယ်ဆိုကာ လူစုလူဝေးဖြစ်

ပဲခူးမှာ တပ်ထောက်ခံပွဲလုပ်အပြီး အထက ၁ ကျောင်းအနီးမှာ ဗုံးတွေ့တယ်ဆိုကာ လူစုလူဝေးဖြစ်

ပဲခူးမှာ နိုဝင်ဘာ ၁၆ ရက် ဒီကနေ့မနက်ပိုင်းက စစ်တပ်ထောက်ခံပွဲပြုလုပ်အပြီး အထက ၁ ကျောင်းအနီး ဗုံးတွေ့တယ်ဆိုကာ ကျောင်းတက်ရောက်နေတဲ့ ကျောင်းသားတချို့ကို မိဘတွေက နေအိမ်ကိုပြန်ခေါ်တာတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံထံက သိရပါတယ်။

ဒီကနေ့ မနက် ၁၀ နာရီခန့်မှာ ရွှေမောဓောဘုရားလမ်းရှိ အထက ၁ ကျောင်းအနီးမှာ ဗုံးလို့ယူဆရတဲ့ အထုပ်တွေ့ရှိတယ်ဆိုကာ ကျောင်းသားကလေးတွေကို နေအိမ်ပြန်ခေါ်တာတွေကြောင့် စာသင်ကျောင်းအနီး လူစုလူဝေးဖြစ်ခဲ့တာလို့ ဆိုပါတယ်။ 

"သူတို့တပ်ထောက်ခံပွဲလုပ်ပြီး ထ ၁ နားမှာ အထုပ်တထုပ်တွေ့တာ ဗုံးဆိုပြီး ရုတ်ရုတ်ဖြစ်သွားတယ်။ ဗုံးဟုတ်၊ မဟုတ်တော့ သေချာမသိဘူး။ ကျောင်းသားတွေတော့ အကုန်လုံးပြန်သွားတာတော့ မဟုတ်ဘူး"လို့ ပဲခူးမြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။ 

အထက ၁ အနီး အထုပ်တထုပ်တွေ့ရှိတာကြောင့် ဗုံးလို့ယူဆပြီး စစ်ကောင်စီတပ်ဖွဲ့တွေဘက်က လာရောက်စစ်ဆေးတာတွေ လုပ်ဆောင်သွားသေးတယ်လို့ သိရပါတယ်။ 

ဒီကနေ့ မနက် ၇ နာရီခန့်က စတင်ကာ ဥသာမြို့သစ် ၅ ရပ်ကွက်ရှိ ခရိုင်ဘောလုံးကွင်းအတွင်း ကြံ့ခိုင်ရေးပါတီဝင်တွေဦးဆောင်ပြီး လူ ၂၀၀ ကျော်ပါတဲ့အဖွဲ့က တပ်ထောက်ခံပွဲပြုလုပ်ခဲ့ကာ ၁၀ နာရီခန့်မှာ ပြီးစီးခဲ့ပြီးနောက် ဗုံးတွေ့တယ်ဆိုပြီး လူစုလူဝေးဖြစ်ပွားခဲ့တာပါ။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၇ ရက် နဲ့ ၈ ရက်နေ့ညပိုင်းတွေမှာ စစ်ကောင်စီတပ်ဘက်က ပဲခူးမြို့အတွင်းမှာ တင့်ကားတွေသုံးကာ ကင်းလှည့်ခဲ့သေးပြီး နောက်ပိုင်းရက်တွေမှာတော့ တင့်ကားတွေမပါဘဲ ရဲနဲ့တပ်သုံးကားတွေနဲ့သာ ကင်းလှည့်တာတွေရှိနေတယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ပဲခူး #စာသင်ကျောင်း #ဗုံးတွေ့ #တပ်ထောက်ခံပွဲ #လူစုလူဝေးဖြစ် #သတင်း #မြေလတ်သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10