ပဲခူးမှာ ၄ ကြိမ်မြောက်ရေကြီး ရေလျှံမှုဖြစ်၊ ရေဘေးသင့် ၁ သောင်းကျော်ရှိနေပြီး စားစရာနဲ့ရေ အကူအညီလိုအပ်

ပဲခူးမှာ ၄ ကြိမ်မြောက်ရေကြီး ရေလျှံမှုဖြစ်၊ ရေဘေးသင့် ၁ သောင်းကျော်ရှိနေပြီး စားစရာနဲ့ရေ အကူအညီလိုအပ်

ပဲခူးမြို့ပေါ်မှာ စတုတ္ထအကြိမ်ရေကြီးရေလျှံမှုဖြစ်ပွားလို့ ရေဘေးသင့်ပြည်သူ ၁ သောင်းကျော်ထိရှိနေပြီး စားစရာနဲ့ရေ အကူအညီလိုအပ်နေတယ်လို့ ဒေသလူမှုကူညီရေးအဖွဲ့ဝင်တွေထံက သိရပါတယ်။

၃ ရက်ကြာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် အောက်တိုဘာ ၇ ရက် မနေ့ည ၉ နာရီကျော်မှာ ပဲခူးမြစ်ရေမြင့်တက်လာပြီး မြို့အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေအမြင့် ၆ ပေခန့်ထိ ဝင်ရောက်နေသလို မြို့တွင်းလမ်းတွေမှာလည်း ရေအမြင့် ၂ ပေ ကျော်ရှိနေတယ်လို့ ဆိုပါတယ်။

"ဒီမနက်မှာ ရေက တမြို့လုံးပတ်လည်ဖြစ်နေပြီ။ ဆက်တက်မယ့်အခြေနေရှိနေတယ်။ တတိယအကြိမ်ပြောင်းရွှေ့ရတဲ့ အခြေအနေထက် ဒီတကြိမ်ပိုများနိုင်တယ်" လို့ ဒေသလူမှုကူညီရေးအသင်းဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

နေအိမ်တွေအတွင်းထိ ရေဝင်ရောက်လာလို့ ကျွန်းသာယာ၊ ကဇိုင်းတောင်၊ ကဇိုင်းမြောက်၊ ဖောင်တော်ဦး၊ ကလျာဏီ၊ မဇင်း၊ ကျောက်ကြီးစု၊ ရွာသစ် စတဲ့ရပ်ကွက်တွေအပါအဝင် ရပ်ကွက် ၁၀ ခုထက်မနည်းက လူဦးရေ ၁ သောင်းကျော်ရွှေ့ပြောင်းနေရတာဖြစ်ပြီး ရုတ်တရက်ပြောင်းရွှေ့လာရတာကြောင့် စားသောက်စရာတွေနဲ့ရေ အရေးပေါ်လိုအပ်ချက်တွေရှိနေတယ်လို့ သိရပါတယ်။

လတ်တလောမှာ ပဲခူးမြို့ပေါ်ရှိ ဇိုင်း/တောင်ရပ်ကွက် ကျောင်းသစ်ဘုန်းတော်ကြီးကျောင်း၊ ကျွန်းသာယာရပ်ကွက် မင်္ဂလာဇေယျုံကျောင်းတိုက်၊ ပုဏ္ဏားစုရပ်ကွက် အောင်ဇေယျုံတပြားဘုရား ဓမ္မာရုံ၊ ကျောက်ကြီးစုရပ်ကွက် အထက(ခွဲ)(၁)၊ မြို့သစ်ရပ်ကွက် ဆုတောင်းပြည့်ဘုန်းကြီးကျောင်း၊ ဥဿာ  (၇)ရပ်ကွက် ပညာမွန်ကျောင်း၊ ဒက္ခိဏသာခါကျောင်းနဲ့ ကလျာဏီရပ်ကွက် ကလျာဏီသိမ်တို့အပါအဝင် ရေဘေးရှောင်ကယ်ဆယ်ရေးစခန်း ၂၀ ခန့် ဖွင့်လှစ်ထားရပြီလို့ ဆိုပါတယ်။

 

ပဲခူးမြစ်ရေရဲ့ စိုးရိမ်ရေမှတ်ကို ၈၈၀ စင်တီမီတာသတ်မှတ်ထားပြီး အောက်တိုဘာ ၈ ရက် ဒီကနေ့ မနက် ၅ နာရီ တိုင်းထွာချက်အရ မြစ်ရေဟာ ၉၁၄ စင်တီမီတာထိရောက်ရှိနေတယ်လို့ မိုးဇလဌာနကထုတ်ပြန်ထားပြီး မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် ဒီထက်ပိုမြင့်တက်လာနိုင်တယ်လို့ မြို့ခံတွေက သုံးသပ်ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက ပဲခူးမှာ တတိယအကြိမ်ရေကြီးလို့ မြိုခံ ၁၅,၀၀၀ ကျော်ပြောင်းရွှေ့ခဲ့ရပြီး ဇူလိုင်လနဲ့ ဩဂုတ်လအတွင်းမှာလည်း ပထမအကြိမ်နဲ့ ဒုတိယအကြိမ် ရေကြီး၊ရေလျှံမှု ဖြစ်ပေါ်ခဲ့တာလို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ပဲခူး #ရေကြီးမှု #ဒေသခံ #၁သောင်းကျော် #ရွှေ့ပြောင်းရ #၄ကြိမ်မြောက် #သတင်း #သဘာဝဘေးအန္တရာယ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10