ပဲခူးမှာ ကျောက်ဒိုးပစ်ကစားရာက လူသတ်မှုဖြစ်၊ ၄ နှစ်အရွယ်ကလေးခေါင်းကိုပါ ဓားနှောင့်နဲ့ထုသွား

ပဲခူးမှာ ကျောက်ဒိုးပစ်ကစားရာက လူသတ်မှုဖြစ်၊ ၄ နှစ်အရွယ်ကလေးခေါင်းကိုပါ ဓားနှောင့်နဲ့ထုသွား

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ကမာနတ်ကျေးရွာမှာ ကျပ်သုံးလေးရာကြေး ကျောက်ဒိုးပစ်ကစားရာမှ ဓားထိုးမှုဖြစ်ပြီး ဖခင်ဖြစ်သူ ဓားထိုးခံရလို့ ဝင်ဆွဲတဲ့ ၄ နှစ်အရွယ်ကလေးပါ ဦးခေါင်းကို ဓားနှောင့်နဲ့ ထုခံလိုက်ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဩဂုတ် ၉ ရက် နေ့လယ် ၁၂ နာရီခွဲခန့်မှာ ကမာနပ်ကျေးရွာနေ ကျွဲကြီး(ခ)ငလင်း ၄၀ နှစ်ခန့်နဲ့ ကိုဌေး ၅၀ နှစ်ခန့်တို့ဟာ ပိုက်ဆံထောင်ပြီး ကျောက်ဒိုးပစ် ကစားကြရာမှာ စကားများရန်ဖြစ်ကြရင်း အခုလို လူသတ်မှုအထိဖြစ် သွားကြတာလို့ ဆိုပါတယ်။ 

"ပိုက်ဆံကြေးကလည်း သိပ်များတာ မဟုတ်ဘူး။ ကျပ် သုံးလေးရာကြေးလောက် ကစားကြတာ။ အဲ့ဒီမှာ ကိုဌေးဆိုသူက စည်းကျော်ပစ်တာကို ငလင်းက ပြောဆိုရာကနေ စကားများကြတာ။ အဲ့ဒါကို ကိုဌေးက အိမ်ပြန်ဓားယူပြီး ငလင်းကို ထိုးသွားတာ"လို့ ဒေသခံတဦးကပြောပါတယ်။

ဓားနဲ့ထိုးခံရလို့ ကျွဲကြီး(ခ)ငလင်းမှာ ရင်ဘတ်မှာ ဓားဒဏ်ရာ ၁ ချက်ရပြီး နေရာမှာပဲ သေဆုံးသွားပါတယ်။

ဖအေဖြစ်သူကို ဓားနဲ့ထိုးနေလို့ ကျွဲကြီး(ခ)ငလင်းရဲ့ အသက် ၄ နှစ်ကျော်အရွယ် သားဖြစ်သူက ဝင်ဆွဲရာမှာ ကိုဌေးက ကလေးငယ်ရဲ့ ဦးခေါင်းကို ဓားနှောင့်နဲ့ထုပြီး ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

သေဆုံးသွားသူနဲ့ ဒဏ်ရာရသွားတဲ့ ကလေးငယ်ကို ဒေသလူမှုကူညီရေးအသင်းတွေက ပဲခူးဆေးရုံကို ပို့ဆောင်ပေးခဲ့ရပြီး သေဆုံးသူရဲ့အလောင်းကိုတော့ ရင်ခွဲစစ်ဆေးပြီးလို့ ဆေးရုံကနေ နေအိမ်ကို ညနေပိုင်းမှာ ပြန်သယ်ဖို့ လုပ်နေတယ်လို့ သိရပါတယ်။

ဓားနဲ့ထိုးပြီးထွက်ပြေးသွားတဲ့ ကိုဌေးဆိုသူကို ဖမ်းဆီးရမိဖို့ စစ်ကောင်စီလက်အောက် ရဲတပ်ဖွဲ့က လိုက်ရှာနေတယ်လို့ ဆိုပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #ကမာနတ်ကျေးရွာ #ပိုက်ဆံကြေး #ကျောက်ဒိုးပစ် #ဓားထိုးခံရ #လူသတ်မှု #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10