ပဲခူးမှာ ကြံ့ခိုင်ရေးပါတီဝင်တွေ ဦးဆောင်ပြီး စစ်မှုမထမ်းမနေရဥပဒေ ထောက်ခံပွဲပြုလုပ်

ပဲခူးမှာ ကြံ့ခိုင်ရေးပါတီဝင်တွေ ဦးဆောင်ပြီး စစ်မှုမထမ်းမနေရဥပဒေ ထောက်ခံပွဲပြုလုပ်

ပဲခူးတိုင်း၊ ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ရပ်ကွက်(၅) ဘောလုံးကွင်းမှာ စစ်ကောင်စီအတည်ပြုပြဌာန်းတဲ့ စစ်မှုမထမ်းမနေရဥပဒေ ထောက်ခံပွဲကို စစ်တပ်ထောက်ခံသူတွေက ပြုလုပ်ခဲ့ကြတယ်လို့  ဒေသခံတွေဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၁၇ ရက် မနက် ၈ နာရီခန့်က ကြံခိုင်ရေးပါတီဝင်၊ အမျိုးသားရေးသမားဆိုသူတွေနဲ့ စစ်တပ်ထောက်ခံသူ အင်အား ခန့်မှန်း ၄၀၀ ကျော်ခန့်ဟာ ဘောလုံးကွင်းထဲမှာ တနာရီကြာ ထောက်ခံပွဲ ပြုလုပ်ခဲ့ကြတာလို့ ဆိုပါတယ်။ 

"မနက်ကတော့ သူတို့ထောက်ခံပွဲလုပ်တဲ့ ဝန်းကျင်နားမှာ လမ်းတွေပိတ်ထားတယ်။ ရဲတွေနဲ့ စစ်ကောင်စီအဖွဲ့ဝင်အချို့ကလည်း အရပ်ဝတ်တွေနဲ့ လုံခြုံရေးယူပေးထားတယ်။ အထဲမှာပဲ အော်ဟစ်နေကြတယ်"လို့ ဒေသခံတဦးက ပြောပါတယ်။

ဒီဥပဒေကို စစ်တပ်ထောက်ခံသူတွေကသာ ထောက်ခံပွဲတွေလုပ်နေတဲ့အတွက် အခြား ပြည်သူတွေထက် စစ်တပ်ထောက်ခံသူတွေကို အရင်ဆုံးခေါ်ယူ စစ်မှုထမ်းခိုင်းသင့်တယ်လို့ ဒေသခံတဦးက ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီအဖွဲ့တွေက ပဲခူးမြို့ပေါ် ရှိ ဘုန်းကြီးကျောင်းတွေမှာ သံဃာစာရင်းကောက်ယူတာ၊ လူဦးရေစာရင်းကောက်ယူတာတွေ ဆက်တိုက်ဆိုသလို လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၁၁ ရက်ကစတင်ပြီး ထွေအုပ်၊ ရပ်ကျေးစာရေးနဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေပါတဲ့ အဖွဲ့တွေက စာရင်းလိုက်ကောက်နေတာဖြစ်ပါတယ်။ 

ဒီဥပဒေကို ထောက်ခံပွဲတွေကို မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ မကွေးတိုင်း၊ ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းထဲ က မြို့နယ်တွေမှာ စစ်ကောင်စီထောက်ခံသူတွေက ဆက်တိုက်ဆိုသလို လုပ်ဆောင်နေပြီး တချို့ မြို့နယ်တွေမှာတော့ စစ်ကောင်စီတပ်ရင်းတွေနဲ့ ဌာနဆိုင်ရာရုံးတွေက ဝန်ထမ်းတွေကို ထောက်ခံပွဲ နေရာတွေကို မလိုက်မနေရ ခေါ်ဆောင်တာတွေလည်း ရှိတယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ 

စစ်မှုမထမ်းမနေရ ဥပဒေကို အတည်ပြုပြီးနောက် စစ်မှုထမ်းဥပဒေကို လက်မခံသူတွေက နိုင်ငံအနှံ့က PDF အဖွဲ့တွေဆီ ဝင်ရောက်ဖို့ဆက်သွားကြတယ်လို့ သိရပြီး PDF တွေဘက်ကလည်း တပ်သားသစ် အဖြစ်ဝင်ရောက်ဖို့ ကြေညာချက်တွေလည်း အများစုထုတ်ပြန်လာတာကို တွေ့ရှိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူးတိုင်း #စစ်မှုမထမ်းမနေရဥပဒေ #ထောက်ခံပွဲ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10