ပဲခူးမှာ စစ်ကောင်စီသီတင်းကျွတ်မီးထွန်းပွဲကာလ လျှပ်စစ်မီးရရှိချိန် ပိုနည်းလာ

ပဲခူးမှာ စစ်ကောင်စီသီတင်းကျွတ်မီးထွန်းပွဲကာလ လျှပ်စစ်မီးရရှိချိန် ပိုနည်းလာ

ပဲခူးမြို့ပေါ် ရပ်ကွက်တွေမှာ စစ်ကောင်စီကပြုလုပ်တဲ့ သီတင်းကျွတ်မီးထွန်းပွဲတော်ရက်တွေအတွင်း လျှပ်စစ်မီးရရှိချိန် ယခင်ထက်ပိုမိုနည်းလာတယ်လို့  ဒေသခံတွေက ပြောပါတယ်။

ပဲခူးစစ်ကောင်စီက သီတင်းကျွတ်မီးထွန်းပွဲတော်ကို ရွှေမော်ဓောဘုရားကြီးအနီးမှာ  အောက်တိုဘာ ၂၈ ရက်က စတင်ကာ လက်ရှိအထိပြုလုပ်နေတာဖြစ်ပြီး အဆိုပါရက်မတိုင်မီကပင် ပဲခူးမြို့မှာ လျှပ်စစ်မီးရရှိချိန် ယခင်ထက်လျော့နည်းသွားတာလို့ ဆိုပါတယ်။

"အရင်ကတည်းက မီးကမမှန်တာ။ ခုကျ မီးထွန်းပွဲလုပ်နေတဲ့အချိန်မှာ ပိုဆိုးသွားတာ။ ဖွင့်ပွဲက လပြည့်နေ့မှ ဆိုပေမယ့် ဒီမတိုင်ခင် ၄၊ ၅ ရက်ထဲက စျေးတန်းတွေရှိတယ်။ အဲ့ဒီမှာကျ မီးက ထိန်လင်းနေရော။ ရပ်ကွက်တွေကျ လာချိန်မမှန်ဘဲ မလာတာက များတယ်။ ပွဲတော်ကိုကျ တနေကုန် နီးပါး မီးပေးထားတယ်"လို့ ပဲခူးမြို့၊ ရွာသစ်ရပ်ကွက် မြို့ခံတဦးက ပြောပါတယ်။

ယခင်က တရက်ကို အချိန် ၁၀ နာရီခန့်လျှပ်စစ်မီးရရှိပေမယ့် ဘုရားပွဲကာလမှာ မီးပေးချိန်လျှော့ချ ထားပြီး တရက်ကို ၆ နာရီခန့်တောင် ပုံမှန်မရရှိဘူးလို့ သိရပါတယ်။

လျှပ်စစ်မီးရရှိချိန် ပိုမိုလျော့နည်းလာတာကြောင့် အိမ်တွင်းစက်မှုတနိုင်တပိုင်လုပ်ငန်းတွေနဲ့ မီးဖိုချောင်လုပ်ငန်းတွေအတွက် အခက်အခဲတွေ ကြုံနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဟင်္သာကုန်းရပ်ကွက်နေ ဒေသခံတဦးကလည်း " ခါတိုင်းရက်တွေ မီးက ၈ နာရီကျော် ၁၀ နာရီလောက် ပြတ်တယ်။ အဖိတ်၊ လပြည့် ၂ ရက်တော့ မီးနည်းနည်းမှန်တယ်၊ ၄ နာရီလောက်ပဲ ပြတ်တယ်။ ကျနော်တို့က မြို့တွင်းပိုင်းကျလို့ ဒီနှစ်ရက် မီးမှန်တာနေမယ်။ ကျန်တဲ့နေရာတွေတော့ မီးပြတ်တာများတယ်" လို့ ဆိုပါတယ်။

စစ်ကောင်စီက သီတင်းကျွတ်မီးထွန်းပွဲမတိုင်မီ အောက်တိုဘာ ၂၇ ရက်မှာတော့ ပဲခူးမြို့မှာ ညမထွက်ရအမိန့် ထုတ်ပြန်ထားမှုကို ပယ်ဖျက်ပြီး မီးထွန်းပွဲကျင်းပနေတာလည်း ဖြစ်ပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ပဲခူး #ရွှေမော်ဓော #ဘုရားပွဲကာလ #လျှပ်စစ်မီး #ပြတ်တောက်မှု #ပိုမိုများလာ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10