ပဲခူးမှာ စတုတ္ထအကြိမ်ရေကြီးရေလျှံဖြစ်လို့ ရေသန့်နဲ့ အစားအသောက် အရေးပေါ်လိုအပ် (ရုပ်/သံ)

ပဲခူးမြို့ပေါ်မှာ ၃ ရက်ကြာ မိုးအဆက်မပြတ်ရွာလို့ စတုတ္ထအကြိမ်ရေကြီးရေလျှံဖြစ်ခဲ့ပြီး ရေဘေးသင့်ပြည်သူ ၁ သောင်းကျော် ရေသန့်နဲ့အစားအသောက် အကူအညီလိုအပ်နေပါတယ်။
 
အောက်တိုဘာ ၇ ရက် ည ၉ နာရီကျော်မှာ ပဲခူးမြစ်ရေမြင့်တက်လာပြီး မြို့အနိမ့်ပိုင်းရပ်ကွက်တွေထဲ ရေအမြင့် ၆ ပေခန့်အထိ ဝင်ရောက်ခဲ့ကာ မြို့တွင်းလမ်းတွေမှာလည်း ရေအမြင့် ၂ ပေကျော်အထိရှိနေပါတယ်။
 
တမြို့လုံးနီးပါး ရေပတ်လည်ဖြစ်နေပြီး ဆက်တက်မယ့်အခြေအနေရှိတာကြောင့် တတိယအကြိမ်ပြောင်းရွှေ့ခဲ့ရတဲ့ အခြေအနေထက် ပိုများနိုင်တယ်လို ဒေသခံလူမှုကူညီရေးအသင်းဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။
 
အိမ်တွေထဲအထိ ရေဝင်လာလို့ ကျွန်းသာယာ၊ ကဇိုင်းတောင်၊ ကဇိုင်းမြောက်၊ ဖောင်တော်ဦး၊ ကလျာဏီ စတဲ့ ရပ်ကွက် ၁၀ ခုထက်မနည်းက လူဦးရေ ၁ သောင်းကျော်ရွှေ့ပြောင်းနေရတာဖြစ်ပြီး ရုတ်တရက်ပြောင်းရွှေ့လာရတာကြောင့် စားသောက်စရာတွေနဲ့ရေသန့် အရေးပေါ်လိုအပ်နေပါတယ်။
 
လတ်တလောမှာ ပဲခူးမြို့ပေါ်ရှိ ဇိုင်း/တောင်ရပ်ကွက် ကျောင်းသစ်ဘုန်းတော်ကြီးကျောင်း၊ ကျွန်းသာယာရပ်ကွက် မင်္ဂလာဇေယျုံကျောင်းတိုက်၊ ကျောက်ကြီးစုရပ်ကွက် အထက(ခွဲ)(၁)၊ မြို့သစ်ရပ်ကွက် ဆုတောင်းပြည့်ဘုန်းကြီးကျောင်း၊ ဥဿာ (၇)ရပ်ကွက် ပညာမွန်ကျောင်းနဲ့ ကလျာဏီရပ်ကွက် ကလျာဏီသိမ်တို့အပါအဝင် ရေဘေးရှောင်ကယ်ဆယ်ရေးစခန်း ၂၀ ခန့် ဖွင့်ထားပြီးဖြစ်ပါတယ်။
 
တည်းဖြတ် - ဇို

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10