ပဲခူးမှာ ဆယ်အိမ်မှူးနဲ့ မီးသွေးဖုတ်လုပ်သား ၅ ဦးကို စစ်တပ်ကဖမ်းဆီး

ပဲခူးမှာ ဆယ်အိမ်မှူးနဲ့ မီးသွေးဖုတ်လုပ်သား ၅ ဦးကို စစ်တပ်ကဖမ်းဆီး

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ သံဆို့ပင်ကျေးရွာအနီးက စလူဆည်ဘက်ကို စစ်ကောင်စီ စစ်ကြောင်းဝင်ကာ ဆယ်အိမ်မှူးအပါအဝင် ဒေသခံ ၆ ဦးကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နိုဝင်ဘာ ၁၉ ရက် နေ့လယ် ၁၂ နာရီခန့်မှာ စစ်တပ်ယူနီဖောင်းဝတ်အင်အား ၂၀ ခန့်နဲ့ အရပ်ဝတ် လက်နက်ကိုင် အင်အား ၁၀ ဦးခန့်ဟာ စလူဆည်ဘက်ကို ကား၊ ဆိုင်ကယ်တွေနဲ့ ဝင်ရောက်လာပြီး မီးသွေးဖုတ်နေသူတွေနဲ့ သံဆို့ပင်ရွာက ဆယ်အိမ်မှူးဦးဝင်းပိုင်တို့ကို ဖမ်းဆီးခေါ်သွားတာလို့ ဆိုပါတယ်။

"အရင်တခါ တိုက်ပွဲဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး အဆက်စပ်ရှိတယ်။ သံသယနဲ့ ဆည်နားမှာ ဆယ်အိမ်မှူးလုပ်တဲ့ ကိုဝင်းပိုင်ကိုဖမ်းသွားတာ။ သူအပါအဝင် ၆ ဦးဖမ်းခံရတယ်လို့ သိထားရတယ်။ ကျန်သူတွေ ကတော့မီးသွေးဖုတ်သမားတွေလို့ သိရတယ်။ ဘယ်သူတွေဆိုတာတော့စုံစမ်းတုန်းဘဲ"လို့ ဒေသခံတဦးက ပြောပါတယ်။

အသက် ၄၀ နှစ်အရွယ် ကိုဝင်းပိုင်က စစ်ကောင်စီကခန့်ထားတဲ့ ဆယ်အိမ်မှူးဖြစ်ပြီး အုပ်ချုပ်ရေးမှူးခိုင်းတဲ့အလုပ်ကို လုပ်ပေးနေသူဖြစ်ပေမယ့် ဘာကြောင့်ဖမ်းသွားတယ်ဆိုတာ မသိရသေးဘဲ စလူဆည်ဘက် တိုက်ပွဲဖြစ်ခဲ့ချိန်တုန်းက စစ်ကောင်စီအဖွဲ့တွေရှိတဲ့နေရာကို PDF တွေဆီ သတင်းပေးတယ်ဆိုပြီးစွပ်စွဲချက်နဲ့ ဖမ်းဆီးသွားတာဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ပြောဆိုကြပါတယ်။

နောက်ထပ်ဖမ်းဆီးသွားသူ ၅ ဦးက သံဆို့ပင်ကျေးရွာအုပ်စုမှာနေထိုင်တဲ့ အသက် ၂၅ နှစ်ကနေ ၄၀ အကြားရှိ မီးသွေးဖုတ်သမားတွေလို့သိရပြီး ဘယ်သူဘယ်ဝါဆိုတာသိရဖို့ စုံစမ်းနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ဒေသခံတွေကိုမဖမ်းဆီးခင် အဆိပ်တောင်ကျေးရွာဘက်ကို အရင် ဝင်ရောက်ခဲ့ပြီးအပြန်မှာ အဆိပ်တောင်နဲ့ သံဆို့ပင်ကြား မီးသွေးဖုတ်နေတဲ့ အမျိုးသားတွေကို ဖမ်းဆီးပြီးနောက် ဆယ်အိမ်မှူး ဦးဝင်းပိုင်ကို ဖမ်းဆီးခဲ့တာပါ။ 

အဲဒီနောက်စစ်ကောင်စီအဖွဲ့ဟာ ဖမ်းဆီးထားသူတွေကိုခေါ်ဆောင်ပြီး ပဲခူးမြို့ဘက်ကို ပြန်ထွက်သွားကြတယ်လို့ သိရပါတယ်။

အဆိုပါကျေးရွာတွေဘက်ကို စစ်ကောင်စီဘက်က စစ်ကြောင်းဝင်လေ့မရှိဘဲ သစ်တောဝန်ထမ်းတွေ ဖမ်းဆီးခံရတာ၊ တိုက်ပွဲတွေဖြစ်ပြီးနောက်ပိုင်း စစ်ကြောင်းထိုးတာ၊ ကင်းလှည့်တာတွေရှိလာတယ်လို့ သိရပါတယ်။

အောက်တိုဘာ ၃၁ ရက်မှာ မနက် ၇ နာရီခန့်မှာ ပဲခူးမြို့နယ်၊ အင်အား ၇၀ ကျော်နဲ့ ရွှေလောင်း ရေလှောင်တံမံရှင်းလင်းဆောင်မှာတပ်စွဲထားချိန် တော်လှန်ရေးပူးပေါင်းတပ်တွေဘက်က သွားရောက်တိုက်ခိုက်ရာမှ ၃ နာရီနီးပါးတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အနည်းဆုံး ၁၀ ဦး ထိခိုက်ခဲ့ပါသေးတယ်။ 

စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၄၊ နိုဝင်ဘာ ၁၉ ရက်အထိ အာဏာသိမ်းဖြစ်စဥ်နဲ့ ပတ်သက်ပြီး ဖမ်းဆီးခံရသူ စုစုပေါင်း ၁၇,၆၈၉ ဦးရှိခဲ့ပြီး အဲ့ဒီထဲက ၂၁,၁၃၄ ဦးက ထိန်းသိမ်းခံနေရဆဲဖြစ်တယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း - AAPP ထုတ်ပြန်ထားပါတယ်။

ပုံစာ - ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလပိုင်း၌ ပဲခူးတိုင်း၊ ပြည်မြို့တွင် တွေ့ရသည့် စစ်ကောင်စီတပ်သားများ။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #စလူးဆည် #စစ်ကောင်စီ #ဖမ်းဆီး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10