ပဲခူးမှာ ညသန်းခေါင်ကျော် မီးလောင်မှုဖြစ်ပြီး နေအိမ် ၉ လုံးဆုံးရှုံး

ပဲခူးမှာ ညသန်းခေါင်ကျော် မီးလောင်မှုဖြစ်ပြီး နေအိမ် ၉ လုံးဆုံးရှုံး

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ ဇောင်းတူကျေးရွာမှာ မေလ ၇ ရက် ဒီကနေ့မနက် အစောပိုင်း ၂ နာရီခန့်မှာ မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် နေအိမ် ၉ လုံး မီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။
 
ဇောင်းတူကျေးရွာနေ ဒေါ်တင်လှ နေအိမ်ကနေ မီးစတင်လောင်ကျွမ်းရာက တခြားနေအိမ်တွေကိုပါ ကူးစက်လောင်ကျွမ်းခဲ့တာလို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။
 
 
"လူတွေအိပ်ကောင်းနေချိန် မီးထလောင်တာ။ မီးလောင်တဲ့အိမ်တွေက ပျဥ်ထောင်၊ပျဥ်ခင်းအိမ်တွေများတော့ လောင်စာကောင်းတော့ မီးကူးမြန်ပြီး အခြားအိမ်တွေလည်းကူးသွားတာပါ။ လူထိခိုက်တာတော့ မရှိဘူး" လို့ ပြောပါတယ်။
 
မီးလောင်ရတဲ့အကြောင်းအရင်းဟာ ဒေါ်တင်လှနေအိမ် မီတာပုံးကတဆင့် ဝါယာရှော့ဖြစ်ပြီး လောင်ကျွမ်းတာလို့ ဒေသခံတွေဆီကသိရပေမယ့် စစ်ကောင်စီလက်အောက် ဌာနဆိုင်ရာတွေကတော့ စိစစ်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
 
မီးလောင်ကျွမ်းမှုကြောင့် ပျဥ်ထောင်၊ ပျဥ်ခင်း၊ သွပ်မိုးနေအိမ် ၉ လုံး မီးလောင်ပျက်စီးသွားပြီး လက်ရှိကာလတန်ဖိုး ကျပ်သိန်းရာချီ ဆုံးရှုံးမှုရှိခဲ့ကာ မီးဘေးသင့်အိမ်ထောင်စု ၉ စုက လူဦးရေ ၃၀ ကျော်ဟာ ကျေးရွာဘုန်းကြီးကျောင်းမှာ ယာယီခိုလှုံနေရတယ်လို့ သိရပါတယ်။
 
ပြီးခဲ့တဲ့၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၀ မနက်အစော ၁ နာရီခွဲခန့်မှာလည်း ပဲခူးမြို့၊ မြို့တွင်းကြီးရပ်ကွက်မှာ ရေခဲသေတ္တာအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်လို့ ဆိုင်ခန်း ၅ ခန်းမီးလောင်ပျက်စီးကာ ကျပ်သိန်းရာကျော်ပျက်စီးဆုံးရှုံးသွားသေးတယ်လို့ သိရပါတယ်။
 
စာတည်း - ရင်ငြိမ်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10