ပဲခူးမှာ ရေဘေးသင့်ပြည်သူ ၇၀၀၀၀ ဝန်းကျင်ခန့်ရှိလာ

ပဲခူးမှာ ရေဘေးသင့်ပြည်သူ ၇၀၀၀၀ ဝန်းကျင်ခန့်ရှိလာ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်အတွင်းမှာ ရေကြီးနစ်မြုပ်မှုကြောင့် ရေဘေးသင့်ပြည်သူ ၇၀၀၀၀ ဝန်းကျင်ခန့်ရှိတယ်လိူ့ လူမှုကူညီရေးအဖွဲ့တွေထံက သိရပါတယ်။

ယနေ့ အော​က်တိုဘာ ၁၀ ရက်မနက်ပိုင်းထိ ရေပြန်မကျသေးဘဲ မြို့လယ်ခေါင်နေရာမှာ ရေအမြင့် ၄ ပေခန့် အနိမ့်ပိုင်းနေရာတွေမှာ ရေအမြင့် ၁၀ ပေကျော် ဆက်ရှိနေသေးတယ်လို့ ဆိုပါတယ်။

"လက်ရှိက ရေကတန့်နေသေးတော့ ကယ်ဆယ်ရေစခန်းမှာတွေကော ကယ်ဆယ်ရေးစခန်းမသွားပေမယ့် အထပ်မြင့်အိမ်တွေမှာ နေနေတဲ့သူတွေကောဆို ရေဘေးသင့်လူဦးရေက တော်တော်များတယ်"လို့ ဒေသလူမှုကူညီရေးအသင်းဝင်တဦးက ပြောပါတယ်။

အောက်တိုဘာ ၁၀ ရက် မနက်ပိုင်းထိစာရင်းအရ မြို့ပေါ်ရပ်ကွက် ၁၀ ခုနဲ့ကျေးရွာပေါင်း ၁၂ ရွာက ပြည်သူတွေ ရေဘေးဒဏ်ကိုခံနေရတယ်လို့ ဆိုပါတယ်။

ရေဘေးကယ်ဆယ်ရေးစခန်း ၂၂ ခု ဖွင့်ထားရပြီး လူဦးရေ ၃၀၀၀၀ ခန့်ဟာ ကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်နေရပါတယ်။

ရေပြန်မကျသေးလို့ မြို့တွင်းနဲ့မြို့ပြင်နေရာတွေမှာ ကားကြီးတွေက အစသွားလာလို့ မရသေးဘဲ လှေနဲ့သာ သွားလာနေရတာပါ။

ဇောင်းတူဆည်မှာ  ရေကျော်နေတာကြောင့် ရေလွှတ်ချမှုတွေ လုပ်ဆောင်နေတဲ့အတွက်လည်း ရေပိုများလာမယ့်အခြေနေမှာရှိနေကာ ပဲခူးမြို့ဝန်းကျင်ရှိ ဆည်တွေမှာလည်း လတ်တလော ရေကျော်နေတာတွေရှိနေတယ်လို့ သူက ဆိုပါတယ်။

ပဲခူးမြစ်ရေရဲ့ စိုးရိမ်ရေမှတ်ဟာ ၈၈၀ စင်တီမီတာဖြစ်ကာ ဒီကနေ့ မနက် ၅ နာရီအထိ တိုင်းထွာချက်အရ မြစ်ရေဟာ ၁၀၀၁  စင်တီမီတာ အထိရောက်ရှိနေတယ်လို့ မိုးဇလဌာနက ထုတ်ပြန်ထားပါတယ်။

"အမြန်လမ်းမှာ ရေကြီးပြီး ကားတွေပိတ်နေလို့ မြို့ရှောင်လမ်းကို ပတ်သွားကြကာမှ မြို့ရှောင်လမ်းကပါ ပြိုကျသွားတယ်။ ကားတွေအကုန်ပိတ်ကုန်တာပေါ့" လို့ ပဲခူးမြို့ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

အောက်တိုဘာ ၈ ရက်က ရေတိုက်စားလို့ပြိုကျသွားတဲ့ မြို့ရှောင်လမ်းပိုင်းနေရာကိုလည်း ပြန်လည်ပြင်ဆင်နိုင်တာမရှိသေးတဲ့အပြင် ရထားလမ်းကလည်း ရေကျော်နေလို့ သွားလာလို့မရသေးဘူးလို့ သိရပါတယ်။

ပဲခူးမှာ ၃ ရက်ကြာ မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် အောက်တိုဘာ ၇ ရက်ညပိုင်းကစတင်ကာ ရေကြီး၊ ရေလျှံမှု တကျော့ပြန်ဖြစ်ပေါ်လာတာဖြစ်ပြီး ပြီးခဲ့တဲ့ ဇူလိုင်၊ ဩဂုတ်နဲ့ စက်တင်ဘာလတွေမှာလည်း ရေကြီး၊ ရေလျှံမှုတွေ ဖြစ်ပွားခဲ့ပါသေးတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#​မြေလတ်အသံ

#သတင်း #ရေကြီးရေလျှံမှု #ကယ်ဆယ်ရေးစခန်း #လူမှုကူညီရေးအသင်း #ပဲခူးမြို့ #မြို့ရှောင်လမ်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10