ပဲခူးယာဉ်ထိန်းရဲက ဆိုင်ကယ်စီးသူတွေကို မျိုးစုံအပြစ်ရှာပြီး ကျပ် ၃သောင်းမှ ၁ သိန်းအထိ ဒဏ်ရိုက်

ပဲခူးယာဉ်ထိန်းရဲက ဆိုင်ကယ်စီးသူတွေကို မျိုးစုံအပြစ်ရှာပြီး ကျပ် ၃သောင်းမှ ၁ သိန်းအထိ ဒဏ်ရိုက်

ပဲခူးမြို့ပေါ်မှာ ဆိုးဆိုးရွားရွားရေကြီးပြီးတဲ့နောက်ပိုင်း ယာဉ်ထိန်းရဲတွေက ဆိုင်ကယ်စီးနင်းအသုံးပြုသူတွေကို အကြောင်းအမျိုးမျိုးပြကာ အပြစ်ရှာပြီး ကျပ် ၃ သောင်းကနေ ၁ သိန်းအထိ ဒဏ်ငွေရိုက်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ 

အောက်တိုဘာ ၂၁ ရက်က စပြီး နေ့စဥ်ဆိုသလို မဂ္ဂတစ်လမ်း၊ မြို့တွင်းလမ်းဆုံ၊ စျေးဘက်တွေပါ မကျန် ယာဥ်ထိန်းရဲအဖွဲ့တွေက လမ်းသွားလမ်းလာ ဆိုင်ကယ်တွေကို မျိုးစုံအပြစ်ရှာ ဖမ်းဆီးနေတယ်လို့ ဆိုပါတယ်။

ယာဥ်ထိန်းအဖွဲ့ဟာ ဆိုင်ကယ်စီးလာသူတွေကို ယာဥ်မောင်းလိုင်စင်၊ ဆိုင်ကယ်ဦးထုပ်၊ ဆိုင်ကယ်လိုင်စင် ဝှီးတက်ပြား၊ နံပါတ်ပြား၊ နောက်ကြည့်မှန်တွေပါ စစ်သလို အုံနာဘုတ်စာအုပ်ပါ စစ်ပြီး မပါက ဖမ်းဆီးတာတွေပါ လုပ်နေတယ်လို့ ဆိုပါတယ်။

လိုင်စင်မဲ့ဆိုင်ကယ်စီးလာသူတွေကို စစ်ဆေးတွေ့ရှိပါက ဖမ်းဆီးပြီး ဆိုင်ကယ်ကိုသိမ်းကာ နေ့ချင်းပြီး တရားရုံးကနေ ထောင်ဒဏ်တလ ချနေတယ်လို့ ဆိုပါတယ်။

"ယာဥ်လမ်းစည်းကမ်းအတိုင်း မလိုက်နာလို့ ဖမ်းတာဆိုတာက ထားပါတော့။ ဒါတောင် မြို့ရေကြီးထားလို့ ပြည်သူတွေမှာ ဒုက္ခရောက်နေတာ လျော့ပေါ့စဥ်းစားသင့်တယ်။ ခုက မဆိုင်တာတွေပါ စစ်ပြီးငွေရအောင် လုပ်နေတာ" လို့ ပဲခူးမြို့ခံတဦးက ပြောပါတယ်။

ဒါ့အပြင် ကားမောင်းလိုင်စင်နဲ့ ဆိုင်ကယ်မောင်းလာတဲ့သူတွေကိုလည်း အပြစ်ရှာကာ ငွေတောင်းတာတွေ လုပ်နေတယ်လို့ သိရပါတယ်။

ယာဥ်စည်းကမ်းအရ ပြစ်ချက်တခုခုတွေ့ရှိပါက ဒဏ်ငွေလို့ဆိုကာ ငွေကျပ် ၃ သောင်းကနေ တသိန်းကျော်ထိ တောင်းခံနေပြီး တောင်းမရတဲ့သူတွေကိုတော့ တရားစွဲတင်ပြီး ဒဏ်ငွေဆောင်ခိုင်းတယ်လို့ သိရပါတယ်။

အဲ့ဒီလို ဆိုင်ကယ်တွေကို စစ်ဆေးချိန်မှာ စစ်တပ်၊ ရဲနဲ့ ကညန၊ အုပ်ချုပ်ရေးအဖွဲ့တွေမပါဘဲ ယာဥ်ထိန်းအဖွဲ့ဝင် ၅ ဦးခန့်က နေ့စဥ် မြို့တွင်းနေရာစုံသွားပြီး ဖမ်းဆီးနေတာလို့ ဆိုပါတယ်။

ယာဥ်ထိန်းရဲတွေဟာ ဆိုင်ကယ်မောင်းသူတွေကို နည်းလမ်းပေါင်းစုံနဲ့ ရစ်ပြီး ငွေတောင်းနေသလို အစစ်ဆေးကြမ်းနေလို့ နေ့စဥ် ဆိုင်ကယ် ၁၀ စီးထက်မနည်း ဖမ်းဆီးခံနေရတာရှိတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူး #ပဲခူးယာဉ်ထိန်းရဲ #ဆိုင်ကယ် #ဖမ်းဆီး #ဒဏ်ရိုက် #ထောင်ချ #ရေကြီး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10