ပဲခူးရိုးမထဲ ကြားဖြတ်တိုက်ခံရတဲ့စစ်ကောင်စီတပ်ဖွဲ့ သေဆုံးမှုများလို့ ရွာကိုမီးရှို့ပြီး ပြန်ဆုတ်သွားတယ်လို့ဆို

ပဲခူးရိုးမထဲ ကြားဖြတ်တိုက်ခံရတဲ့စစ်ကောင်စီတပ်ဖွဲ့ သေဆုံးမှုများလို့ ရွာကိုမီးရှို့ပြီး ပြန်ဆုတ်သွားတယ်လို့ဆို

ပဲခူးတိုင်းအနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်အပိုင်၊ ပဲခူးရိုးမအတွင်းရှိ စင်မြင့်ကျေးရွာအနီးမှာ ကား ၂ စီးနဲ့လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ ကြားဖြတ်တိုက်ခိုက်ခံရလို့ သေဆုံးသူများပြားခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ က သတင်းထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၄ ရက် မနက် ၁၀ နာရီခန့်မှာ ထန်းပင်ကုန်းကျေးရွာဘက်ကနေ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၄၀ ကျော်ပါ ကား ၂ စီးဟာ စစ်ကြောင်းထိုးဖို့မောင်းနှင်လာစဉ် စင်မြင့်ကျေးရွာအနီးအရောက်မှာ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ အဖွဲ့ဝင်တွေက စောင့်ကြိုတိုက်ခိုက်ခဲ့ရာ မိနစ် ၃၀ နီးပါး တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံး၊ ဒဏ်ရာရသူ များပြားခဲ့ပြီးအထိနာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ အခင်းဖြစ်ပွားရာနေရာအနီးရှိ စင်မြင့်ရွာအတွင်း ဝင်ရောက်မီးရှို့ခဲ့ကာ သေဆုံး၊ ဒဏ်ရာရစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကားတွေနဲ့ပြန်လည်တင်ဆောင်ပြီး ထန်းပင်ကုန်းရွာဘက်ကို ပြန်ဆုတ်သွားတယ်လို့ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရိုးမမြေက ပြောပါတယ်။

" ကျနော်တို့အဖွဲ့လက်ချက်နဲ့ ** ၆ ကောင်သေ ၁၅ ကောင်ဒဏ်ရာရပြီး စစ်ကြောင်းတဝက်ပြုတ်သွားလို့ အထိနာတာကြောင့် ပြည်သူအိမ်တွေမီးရှို့တယ်လို့ ယူဆပါတယ်။ အဓိကတော့ PDF မနိုင်လို့ ပြည်သူမဲတာပါ။" လို့ အထက်ပါတာဝန်ခံက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံး၊ ဒဏ်ရာရတဲ့အခြေအနေနဲ့ပတ်သက်ပြီး မြေလတ်အသံက သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

စစ်ကောင်စီစစ်ကြောင်း ထွက်ခွာသွားပြီးနောက် ဖေဖော်ဝါရီ ၆ ရက် မနေ့မနက် ၁၀ နာရီခန့်မှာ စင်မြင့်ကျေးရွာအတွင်း နယ်မြေရှင်းလင်းရေးဝင်ရောက်စဉ် နေအိမ် ၁၆ လုံး မီးလောင်မှာ တိုင်ငုတ်တွေလောက်သာကျန်တဲ့အထိ မီးလောင်ပျက်စီးနေတာတွေ့ရတယ်လို့ ဆိုပါတယ်။

စင်မြင့်ကျေးရွာဟာ အိမ်ခြေ ၂၂ လုံး၊ လူဦးရေ ၇၀ ခန့်သာရှိတဲ့ကျေးရွာဖြစ်ပြီး စစ်ကြောင်းဝင်မီးရှို့လို့ ဒေသခံတွေက ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၄ ရက်မှာလည်း အုတ်ဖိုမြို့နယ်၊ တိမ်မြုပ်ရွာအနီးမှာ ခမရ ၆ ကထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကြားဖြတ်တိုက်ခိုက်ခံရပြီး ဗိုလ် ၁ ဦးနဲ့တပ်ကြပ်ကြီး ၁ ဦးသေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#အုတ်ဖို #စစ်ကောင်စီစစ်ကြောင်း #ကြားဖြတ်တိုက်ခိုက် #မီးရှို့ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10