ပဲခူးရေကြီးလို့ တောင်သူတွေ မျိုးစပါးတောင် ပြန်မရမယ့်အခြေနေနဲ့ ကြုံနေရ

ပဲခူးရေကြီးလို့ တောင်သူတွေ မျိုးစပါးတောင် ပြန်မရမယ့်အခြေနေနဲ့ ကြုံနေရ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်အတွင်းမှာ ရေကြီးနစ်မြုပ်ပြီး မိုးစပါးစိုက်ခင်းတွေပါ ပျက်စီးခဲ့လို့ တောင်သူတွေ မျိုးစပါးတောင် ပြန်မရမယ့်အခြေနေနဲ့ ကြုံနေရတယ်လို့ တောင်သူတွေထံက သိရပါတယ်။

စပါးရိမ်သိမ်းကာနီးအခြေအနေမှာ ၆ ရက်ခန့် စပါးပင်တွေ ရေနစ်မြုပ်သွားလို့ အလုံးစုံပျက်စီးဖို့အခြေနေနဲ့ ကြုံနေရတယ်လို့ ဆိုပါတယ်။

"ခုလိုရက်ရှည်ရေမြုပ်တော့ စပါးတွေ ပြန်ရဖို့ မရှိတော့ဘူး။ ဒီမိုးတွင်းမှာပဲ နှစ်ကြိမ်ဆုံးရှုံးသွားပြီး။ သားအဖ ၃ ယောက် ဧက ၈၀ အတွက် သိန်း ၁၂၀ ကျော်ရင်းထားရတာ။ နောက်ဆုံး အကြိမ်လေးကို အားခဲထားတာ ခုလိုဖြစ် သွားတော့ အကြွေးတင်ပြီ" လို့ ပဲခူးမြို့၊ မုက္ကလကွင်းနေ တောင်သူတဦးက ပြောပါတယ်။

ရေကြီးနစ်မြုပ်လို့ မျိုးစပါးတောင် ပြန်မရမယ့်အခြေနေကို ကြုံတွေ့လိုက်ရလို့ စားဝတ်နေရေးအတွက် အခက်ခဲများစွာရှိသွားသလို လယ်လုပ်စဥ်က ချေးငှားထားတဲ့ အကြွေးတွေလည်း ပြန်မဆပ်နိုင်လို့ အတိုးပေါ် အတိုးဆင့်မယ့် အခြေအနေရှိနေတယ်လို့ဆိုပါတယ်။

ရေကြီးနစ်မြုပ်လို့ တောင်သူအများအပြားစိုက်ပျိုးထားတဲ့ စပါးခင်းတွေ ပျက်စီးသွားပေမယ့် တောင်သူတွေအတွက် ထောက်ပံကူညီပေးမယ့်သူတွေ မရှိသေးဘူးလို့ သိရပါတယ်။

အောက်တိုဘာ ၇ ရက်ကနေ စတင်တက်လာတဲ့ ရေဟာ အောက်တိုဘာ ၉ ရက်နဲ့ ၁၀ ရက်တွေမှာ ရေအမြင့်ဆုံးတက်လာလို့ မိုးစပါးစိုက်ကွင်းတွေမှာ ရေအမြင့်ပေ ၁၀ ပေကျော်ထိဖြစ်သွားပြီး စပါးပင် အဖျားတောင်မမြင်ရဘဲ ရေပြင်ကြီးဖြစ်သွားတယ်လို့ ဆိုပါတယ်။

ရေကြီးနစ်မြုပ်လို့ ပဲခူးမြို့နယ်အတွင်းက မိုးစပါးစိုက်ဧက ၃၀,၀၀၀ ကျော်ခန့်ပျက်စီးနိုင်တယ်လို့ ပဲခူးမြို့နယ် အတွင်းက စပါးစိုက်တောင်သူတွေက ပြောပါတယ်။ 

၂၀၂၃-၂၀၂၄ မိုးစပါး စိုက်ပျိုးရာသီမှာ ပဲခူးမြိုနယ်အတွင်း ရေကြီးရေလျှံမှု ၄ ကြိမ်ဖြစ်ပေါ်ခဲ့ပြီး ၂ ကြိမ် ရေနစ်မြုပ်ပျက်စီးတာရှိခဲ့ပါတယ်။

ပဲခူးမြို့နယ်အတွင်းမှာ နှစ်စဥ်မိုးစပါး ဧက ၁၁၀,၀၀၀ ကျော်စိုက်ပျိုးပြီး စပါးတင်းပေါင်း ၅ သန်းကျော် ထွက်ရှိတယ်လို့ စစ်ကောင်စီ လယ်ယာမြေစာရင်းအင်းဌာနထုတ်ပြန်ချက်အရ သိရပါတယ်။

ပုံစာ-ပဲခူးမြို့နယ်အတွင်းက ရေမြုပ်နေသည် လယ်ကွင်းများ။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #ပဲခူးမြို့  #ရေကြီး #မိုးစပါး #မျိုးစပါး  #စပါးရေမြုပ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10