ပဲခူး ရေဘေးသင့်ပြည်သူ ၃၀၀၀ ကျော်ရှိလာ၊ ကယ်ဆယ်ရေးစခန်း ၁၂ ခုဖွင့်ထားရ

ပဲခူး ရေဘေးသင့်ပြည်သူ ၃၀၀၀ ကျော်ရှိလာ၊ ကယ်ဆယ်ရေးစခန်း ၁၂ ခုဖွင့်ထားရ

ပဲခူးမြို့ပေါ်နဲ့ ကျေးရွာတွေမှာ ရေကြီးရေလျှံမှုတွေဖြစ်ပွားနေပြီး နေအိမ်နစ်မြုပ်မှုတွေရှိနေလို့ ရေဘေးရှောင်နေရသူ ၃၀၀၀ ကျော်ထိရှိလာပြီး ကယ်ဆယ်ရေးစခန်း ၁၂ ခုအထိ ဖွင့်ထားရတယ်လို့ ဒေသလူမှုကူညီရေးအသင်းတွေထံက သိရပါတယ်။

ဩဂုတ် ၁၀ ရက်နေ့ ဒီနေ့မနက်ပိုင်းထိ ပဲခူးမြစ်ရေ ဆက်တက်မြင့်တက်လာပြီး နေအိမ်တွေအတွင်း ရေဝင်ရောက်မှုတွေ များပြားလာလို့ မြို့ပေါ်ရပ်ကွက်အနိမ့်ပိုင်းတွေနဲ့ ကျေးရွာတွေက ပြည်သူတွေဟာ ရေဘေးလွတ်ရာကို ထပ်မံပြောင်းရွှေ့နေထိုင်နေရတယ်လို့ ဆိုပါတယ်။

"၈ ရက်နေ့ ညပိုင်းကတည်းက ရေတက်လာတာ ခု ၁၀ ရက်နေ့ မနက်ပိုင်းထိ ပြန်မကျဘဲ ထပ်တိုးလာနေတယ်။ ရွှေ့ပြောင်းလာရတဲ့မိသားစုတွေလည်း ပိုများလာတယ်။ ရေကထပ်တက်လာနေတော့ ရွှေ့ပြောင်းရမယ့်မိသားစုတွေကတော့ ထပ်ပြီးများလာနိုင်မယ့်သဘောရှိတယ်"လို့ ဒေသလူမှုကူညီရေးအသင်းဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

ပဲခူးမြစ်ရေ မြင့်တက်လာလို့ အနိမ့်ပိုင်းရပ်ကွက်တွေဖြစ်တဲ့ ဖောင်တော်ဦးကွက်သစ်၊ မဇင်း၊ မြို့သစ်၊ အိုးလေးစု၊ ကျွန်းသာယာ၊ ဇိုင်းမြောက်၊ ရွာသစ်၊ ကလျာဏီ၊ ကျောက်ကြီးစုရပ်ကွက်တွေနဲ့ ဇောင်းတူကျေးရွာနဲ့ တိုက်ကြီးကျေးရွာတွေအပါအဝင် ရပ်ကွက်ကျေးရွာ ၂၀ နီးပါးလောက်မှာ ရေဝင်ရောက်နေတာဖြစ်ပါတယ်။

ရေဘေးသင့်ပြည်သူတွေကို ပဲခူးမြို့ ဇိုင်း/တောင်ရပ်ကွက် ကျောင်းသစ်ဘုန်းတော်ကြီးကျောင်း၊ ကျွန်းသာယာရပ်ကွက် မင်္ဂလာဇေယျုံကျောင်းတိုက်၊ ပုဏ္ဏားစုရပ်ကွက် အောင်ဇေယျုံတပြားဘုရားဓမ္မာရုံ၊ ကျောက်ကြီးစုရပ်ကွက် အထက(ခွဲ)(၁)၊ မြို့သစ်ရပ်ကွက် ဆုတောင်းပြည့်ဘုန်းကြီးကျောင်း၊ ဥဿာ(၇)ရပ်ကွက် ပညာမွန်ကျောင်း၊ ဒက္ခိဏသာခါကျောင်းနဲ့ကလျာဏီရပ်ကွက် ကလျာဏီသိမ်တို့မှာ ယာယီကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ်ထားပြီး ပြောင်းရွှေ့ပေးနေရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဇောင်းတူကျေးရွာ သာယာကုန်း(ခရစ်ယာန်ကျောင်း)၊ လက်ပံရွာစာသင်ကျောင်း၊ မုန်တိုင်းကျေးရွာ မုန်တိုင်းဘုန်ကြီးကျောင်း၊ ဝါးပြန်ကုန်းကျေးရွာ ဘုရားကုန်း ဘုရားဝန်းတွေမှာလည်း ကယ်ဆယ်ရေးစခန်းတွေ ဖွင့်ထားရပါတယ်။

အဆိုပါ ကယ်ဆယ်ရေးစခန်းတွေမှာ ရေဘေးရှောင်ဦးရေ ၃၀၀၀  ကျော်အထိရှိနေပြီး အရေးပေါ် စားသောက်စရာတွေနဲ့ သောက်ရေလိုအပ်ချက်တွေရှိနေတယ်လို့ သိရပါတယ်။

ပဲခူးမြစ်ရေဝင်ရောက်မှုဟာ မြေအနိမ့်ပိုင်းနေရာအချို့မှာ  လူတရပ်နီးပါး(၅ ပေကျော်)အထိရေမြှုပ်နေသလို၊ လမ်းမတွေပေါ်မှာ ရေ ၂ ပေခန့်တက်နေတာတွေရှိနေလို့ နေအိမ်တွေလည်း မြှုပ်နေပြီး ရေနစ်မြုပ်မှုအိမ်ခြေ အရေအတွက်ကိုတော့ မသိရသေးပါဘူး။

ပဲခူးမြစ်ရေရဲ့ စိုးရိမ်ရေမှတ်က ၈၈၀ စင်တီမီတာဖြစ်ပြီး လတ်တလောအခြေနေမှာတော့ ၉၂၀ စင်တီမီတာ အထက်ကို ရောက်နေတယ်လို့ သိရပါတယ်။

ပုံစာ - ပဲခူးမြို့ပေါ်ရပ်ကွက်တချို့တွင် ရေကြီးရေလျှံမှုတွေဖြစ်ပေါ်နေသည်ကို ဩဂုတ်လ ၉ ရက် မနေ့က တွေ့ရစဉ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ပဲခူး #ပဲခူးမြစ် #ရေကြီးမှု #ရေဘေးသင့်ပြည်သူ #၃၀၀၀ကျော် #နေအိမ်နစ်မြုပ် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10