ပဲခူးရွှေမော်ဓောဘုရားပွဲ ဗုံးပေါက်လို့ ပွဲဈေးလာတဲ့အမျိုးသမီး ၁ ဦးဒဏ်ရာရ

ပဲခူးရွှေမော်ဓောဘုရားပွဲ ဗုံးပေါက်လို့ ပွဲဈေးလာတဲ့အမျိုးသမီး ၁ ဦးဒဏ်ရာရ

ပဲခူးတိုင်း၊ ပဲခူးမြို့၊ ရွှေမော်ဓောဘုရားပွဲ ပြုလုပ်ရာဝန်းအတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပြီး ပွဲဈေးလာတဲ့ အမျိုးသမီး ၁ ဦး ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

မတ်လ ၂၈ ရက် မနေ့ ညနေ ၅ နာရီဝန်းကျင်က ရွှေမော်ဓောဘုရားပွဲဝန်း ကားကြီးကွင်းရှိ ဈေးဆိုင်တန်းတွေမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပြီး ဈေးဆိုင်တန်းတွေရှေ့ လမ်းလျှောက်နေတဲ့ အမျိုးသမီး ၁ ဦး ထိခိုက်ခဲ့တယ်လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။


"ဗုံးက စျေးဝန်းထဲမှာပေါက်တာ။ အသံဗုံးဘဲ ဖြစ်နိုင်မယ်။ ဗုံးကွဲချိန် ဘေးနားဖြတ်တဲ့ အမျိုးသမီး ၁ ဦးပဲ ထိခိုက်သွားတာ။ ဟိုလို ပြင်းအားများတဲ့ ဗုံးတော့ မဟုတ်လောက်ဘူးထင်တယ်။ ပြင်းအားများရင် တော်တော်များများ သေကြမယ်ထင်တယ်" လို့ ပြောပါတယ်။

ဗုံးပေါက်ကွဲတာကြောင့် အသက် ၄၄ နှစ်အရွယ် ဒေါ်ခင်မြင့်ဆိုသူ အမျိုးသမီးရဲ့ပေါင်မှာ ဒဏ်ရာရရှိသွားပြီး ပဲခူးဆေးရုံကို ပို့ဆောင်ထားရတယ်လို့ ဆိုပါတယ်။

ပဲခူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာ၊ ပြည်သူများထိခိုက်စေနိုင်တဲ့နေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်တာနဲ့ ဖောက်ခွဲတာတွေ လုံးဝမပြုလုပ်ဘူးလို့ ဘုရားပွဲမစတင်ခင်က ထုတ်ပြန်ပြောဆိုထားပါတယ်။

"ပဲခူးရွှေမော်ဓောဘုရားပွဲ ဗုံးပေါက်တယ် သတင်းရပါတယ်။ အမျိုးသမီးကြီးတစ်ဦး ထိခိုက်တယ်သိရတယ်။ အခုကိစ္စဘယ်သူ့ လက်ချက်ဆိုတာ မသိရသေးဘူး။ စစ်ရေးပစ်မှတ်မဟုတ်တဲ့နေရာတွေကို တိုက်ခိုက်မှုမလုပ်ဖို့ အစကထဲက သတ်မှတ်ထားပါတယ်။ ခုကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းဖော်ထုတ်သွားမယ်" လို့ ပဲခူးပကဖတာဝန်ရှိသူက ပြောပါတယ်။

ပဲခူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ စစ်ကောင်စီတပ်တွေကို ပစ်မှတ်ထားတိုက်ခိုက်သွားမှာဖြစ်လို့ ဘုရားပွဲကာလအတွင်း စစ်ကောင်စီမဏ္ဍိုင်နေရာတွေရဲ့ အနီးနားသွားလာတာ၊ စစ်ကောင်စီယာဥ်တန်းတွေနဲ့ ကပ်လျက်လိုက်ပါတာတွေ မပြုလုပ်ကြဖို့ကိုလည်း အသိပေးထုတ်ပြန်ထားပါတယ်။

မတ်လ ၂၆ ရက်နေ့ ညပိုင်းကလည်း ဘုရားပွဲအတွင်းက အပျော်စီးပင်လယ်ဓားပြလှေ အတက်လှေကားပြိုကျလို့ ဘုရားပွဲလာရောက်သူ ၁၀ ဦးကျော် ဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။

ပုံစာ - စစ်ကောင်စီကျင်းပနေတဲ့ ပဲခူးရွှေမော်ဓောဘုရားပွဲ ဈေးဆိုင်တန်းမြင်ကွင်းတချို့။

စာတည်း - ရင်ငြိမ်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10