ပဲခူးရှေ့ခြမ်း KNU ထိန်းချုပ်နယ်မြေထဲက လူ ၁ သိန်းကျော်ရေဘေးသင့်ခဲ့ပြီး အကူအညီလိုအပ်နေ    ■ ရေဘေးအကူအညီပေးအပ်မှုတွေ မရောက်ရှိအောင် စစ်ကောင်စီကပိတ်ဆို့ထားဟုဆို

ပဲခူးရှေ့ခြမ်း KNU ထိန်းချုပ်နယ်မြေထဲက လူ ၁ သိန်းကျော်ရေဘေးသင့်ခဲ့ပြီး အကူအညီလိုအပ်နေ ■ ရေဘေးအကူအညီပေးအပ်မှုတွေ မရောက်ရှိအောင် စစ်ကောင်စီကပိတ်ဆို့ထားဟုဆို

 

ပဲခူးတိုင်း၊ ကျောက်ကြီး၊ မုန်းနဲ့ ရွှေကျင်မြို့နယ်တွေထဲက KNU ထိန်းချုပ်ထားတဲ့ဒေသတွေမှာ လူဦးရေ ၁၆၀,၀၀၀ ကျော်ရေဘေးသင့်ခဲ့ပြီး အကူအညီလိုအပ်နေတယ်လို့ စက်တင်ဘာ ၂၂ ရက်မှာ KNU ဗဟိုက သတင်း ထုတ်ပြန်ပါတယ်။

ရေဘေးသင့်ပြည်သူတွေအတွက် လိုအပ်တဲ့ စားနပ်ရိက္ခာ၊ အဝတ်အထည်၊ ဆေးဝါး၊ အမိုးအကာတွေကို KNU နဲ့ ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီက ကူညီပေးနေပေမယ့် လူဦးရေများပြားတာကြောင့် လုံလောက်မှုမရှိဘူးလို့ ဆိုပါတယ်။

" ရေတက်ကတည်းက ကျေးရွာအထိဖွဲ့ထားတဲ့အဖွဲ့တွေနဲ့ ကူညီကြပေမယ့် အားလုံးတော့မပြည့်စုံဘူး။ ပြောမယ်ဆိုရင် စကစဘက်က ပြည်တွင်းကကူညီအဖွဲ့တွေကို ဒီဘက်မလာနိုင်အောင် တားဆီးပိတ်ပင်ထားတယ်။ အချို့ဆို ပစ္စည်းတွေသိမ်းထားတယ်။ မြို့ကလာတဲ့အဖွဲရဲ့အကူအညီမရောက်တော့ ခက်ခဲတာပေါ့"လို့ မုန်းမြို့နယ် ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီ ပြောရေးဆိုခွင့်ရှိသူက မြေလတ်အသံကို ပြောပါတယ်။

KNU ထိန်းချုပ်နယ်မြေထဲက ရေဘေးသင့်ပြည်သူတွေကို ပြည်တွင်းကအကူအညီတွေမလာနိုင်အောင် စစ်ကောင်စီဘက်က ဖြူးနဲ့ကညွတ်ကွင်းမြို့တွေမှာ ပိတ်ပင်ထားတယ်လို့ ဆိုပါတယ်။

ပြန်လည်ထူထောင်ရေးကာလရောက်ပါက ကူညီပေးနိုင်ဖို့ ရေကြီးမှုအတွင်း ဒေသခံတွေရဲ့အိုးအိမ်၊ လယ်ယာ၊ ပိုင်ဆိုင်မှုတွေ ပျက်စီးဆုံးရှုံးမှုများနိုင်ပြီး ဆုံးရှုံးမှုတွေအတွက် ကျေးရွာအလိုက်စာရင်းကောက်ယူမှုတွေ ပြုလုပ်နေတယ်လို့လည်း ၎င်းကဆိုပါတယ်။

ယခုအကြိမ်ရေကြီးမှုမှာ ကျေးရွာနေပြည်သူတွေ၊ စစ်ဘေးရှောင်ပြည်သူတွေနဲ့ တိရစ္ဆာန်တွေအတွက် နေရာအခက်အခဲနဲ့ စားဝတ်နေရေးအခက်အခဲများစွာ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

စက်တင်ဘာ ၁၀ ရက်ကစပြီး စစ်တောင်းမြစ်ရေမြင့်တက်မှုကြောင့် KNU နယ်မြေအတွင်းက ကျေးရွာတွေမှာ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့တာဖြစ်ပြီး စက်တင်ဘာ ၂၃ ရက် ဒီကနေ့အထိ ရေပြန်မကျသေးလို့ ကျေးရွာပေါင်း ၂၈၉ ရွာ၊ အိမ်ထောင်စု ၃၂၂၄၆ က ဒေသခံ ၁၆၈၄၂၇ ဦး ရေဘေးသင့်နေတယ်လို့ KNU ထုတ်ပြန်ချက်က ဆိုပါတယ်။

လတ်တလောကောက်ယူထားတဲ့စာရင်းအရ ရေကြီးမှုအတွင်း ဖြူးမြို့နယ်အတွင်းက ခင်နောက်မီးကျေးရွာနဲ့ ကျောက်ဆောင်းကျေးရွာက အမျိုးသား ၂ ဦး သေဆုံးထားတယ်လို့ ဆိုပါတယ်။

ယခုတကြိမ်ရေကြီးမှုဟာ ပထမအကြိမ်ရေကြီးမှုဖြစ်ခဲ့တဲ့ ဇူလိူင်လအတွင်းကရေကြီးမှုထက် ထိခိုက်မှုများပြားတာကြောင့် ပျက်စီးဆုံးရှုံးမှုတွေပိုများနိုင်တယ်လို့ မုန်းမြို့နယ် ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီထံက သိရပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#ပဲခူး #ကျောက်ကြီး #မုန်း #KNU #သဘာဝဘေးအန္တရာယ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10