ပဲခူးအနောက်ခြမ်းမြို့နယ်တွေမှာ ရိုးမအတွင်းဖြတ်သန်းသွားလာခွင့် PDF ပိတ်ပင်

ပဲခူးအနောက်ခြမ်းမြို့နယ်တွေမှာ ရိုးမအတွင်းဖြတ်သန်းသွားလာခွင့် PDF ပိတ်ပင်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီ၊ အုတ်ဖို၊ ကြို့ပင်ကောက်၊ လက်ပံတန်း၊ မင်းလှ စတဲ့မြို့နယ်တွေနဲ့ ထိစပ်နေတဲ့ ပဲခူးရိုးမအတွင်းကို ပြည်သူတွေ လုံးဝမသွားလာဖို့ သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၃၈၀၂ က ဒီကနေ့ စက်တင်ဘာလ ၂၅ ရက်မှာ ထုတ်ပြန်ပါတယ်။

"ဒီအသိပေးချက် ထုတ်ပြန်ရတာကလည်း ပြည်သူတွေအတွက် ဖြစ်ပါတယ်။ ခုထုတ်ပြန်ချက်က ပြည်သူတွေ အကျိုးစီးပွားထိခိုက်လာနိုင်ပေမယ့် မလွှဲသာတဲ့အတွက် နားလည်ပေးကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်" လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂၊ ပြန်ကြားရေးတာဝန်ခံ ကိုဇော်ကြီးက ပြောပါတယ်။

ပဲခူးရိုးမအတွင်း သွားလာခွင့်ကန့်သတ်မှုကိုတော့ ယခုထုတ်ပြန်တဲ့အချိန်ကစပြီး နောက်ထပ်အသိပေးကြေညာချက် တစုံတရာထပ်မံမထုတ်ပြန်သေးတဲ့အချိန်ထိ လိုက်နာရမှာဖြစ်တယ်လို့ ဆိုပါတယ်။

လတ်တလောအခြေနေမှာ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ စစ်ဆင်ရေးနယ်မြေဖြစ်တဲ့ အဆိုပါမြို့နယ်တွေအပိုင် ပဲခူးရိုးမအတွင်းမှာ တိုက်ပွဲတွေမကြာခဏဖြစ်နေပြီး စစ်ကောင်စီဘက်က ဒေသခံပြည်သူတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးအသုံးပြုတာတွေရှိနေတယ်လို့ ဆိုပါတယ်။

ပဲခူးရိုးမအတွင်း စစ်ကောင်စီက ဒေသခံတွေကို လူသားဒိုင်းအဖြစ်အသုံးပြုနေသလို ဒေသခံတွေကလည်း စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ နီးကပ်စွာသွားလာမှုတွေရှိနေလို့ စစ်ရေးအစီအစဥ်တွေ ဖျက်သိမ်းလိုက်ရတာ ၅ ကြိမ်ထက်မနည်းရှိခဲ့ပြီလို့ သိရပါတယ်။

မင်းလှမြို့နယ်အတွင်း ပဲခူးရိုးမအစပ်ရှိကျေးရွာတွေက ရာနဲ့ချီတဲ့ဒေသခံတွေဟာလည်း စက်တင်ဘာလ ၂၃ ရက်ကစတင်ကာ မင်းလှမြို့အနီးတဝိုက်ရှိကျေးရွာတွေမှာ ပြောင်းရွှေ့နေထိုင်နေကြတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာလအတွင်း ကြို့ပင်ကောက်မြို့နယ်မှာ ၁ ကြိမ်၊ အုတ်ဖိုမြို့နယ်မှာ ၂ ကြိမ်၊ မင်းလှမြို့နယ်မှာ ၅ ကြိမ်ထက်မနည်း စစ်ကောင်စီတပ်နဲ့ PDF ပူး ပေါင်းတပ်တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများပြားတယ်လို့ သိရပါတယ်။

ပုံစာ - သာယာဝတီခရိုင် PDF ၃၈၀၂ တပ်ရင်းမှ တပ်ဖွဲ့ဝင်အချို့ (ပုံဟောင်း)။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ပဲခူးတိုင်း #အနောက်ခြမ်း #ပဲခူးရိုးမ #ဖြတ်သန်းခွင့် #ပိတ်ပင် #PDF #သာယာဝတီခရိုင် #စစ်ကောင်စီ #လူသားဒိုင်း #ကြေညာချက် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10