ပဲခူးအနောက်ခြမ်းမှာ တပ်သားအဖြစ်စုဆောင်းခံရတဲ့ ပြည်သူ ၃၀ ကို PDF က ကယ်တင်

ပဲခူးအနောက်ခြမ်းမှာ တပ်သားအဖြစ်စုဆောင်းခံရတဲ့ ပြည်သူ ၃၀ ကို PDF က ကယ်တင်

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ကမ်းနီကျေးရွာက ပြည်သူတွေကို စစ်ကောင်စီက ပြည်သူ့စစ်(ပျူစောထီး)အတွက် အတင်းအဓမ္မခေါ်နေချိန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ပြည်သူတချို့ကို ကယ်ထုတ်ခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၁၃ ရက် မွန်းလွဲ ၃ နာရီက ခမရ ၆ နဲ့ ကပစတပ်က စစ်သား ၃၀ ခန့်ဟာ ရွာထိပ်မှာ လူစုဆောင်းနေချိန် ၄၀ မမတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အပြန်အလှန်တိုက်ပွဲ ၁ နာရီနီးပါးကြာခဲ့ကာ ခဲယမ်းလိုအပ်ချက်ကြောင့် နောက်ပြန်ဆုတ်ခဲ့ရတယ်လို့ ဆိုပါတယ်။

“ကျတော်တို့ရောက်တော့ စစ်**တွေက ပြည်သူ ၅၀ လောက်ကို ခေါ်ထားတာတွေ့တယ်။ တွေ့ရတာတော့ စစ်**တွေက တနေရာ ပြည်သူက တနေရာစီပါ။ စစ်**တွေရှိတဲ့ နေရာကို ၄၀ မမနဲ့ ပစ်တော့ လန့်ဖြန့်ပြီး ဝရုန်းသုန်းကား ဖြစ်နေချိန် ပြည်သူတွေကို ဝင်ခေါ်ထုတ်ရတာ။ အချိန်သိပ်မရတော့ ၃၀ လောက်ပဲ ကယ်နိုင်တယ်။” လို့ Black Dragon တပ်ခွဲမှူး ရိုးမနဂါးက ပြောပါတယ်။

ကယ်ထုတ်လာခဲ့တဲ့ ပြည်သူတွေကိုတော့ သူတို့ရဲ့သဘောဆန္ဒအရ လုပ်ခွင့်ပြုထားပြီး စစ်ကောင်စီလက်ထဲမှာ ကျန်ခဲ့တဲ့ ပြည်သူ အယောက် ၂၀ ခန့်ရဲ့ အခြေနေတွေကတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီက ပြည်သူ့စစ်(ပျူစောထီး)သင်တန်းအတွက် လူစုနေချိန် မတက်ချင်လို့ ထွက်ပြေးတဲ့ ရွာသား ၂ ဦးကို နောက်ကနေ သေနတ်နဲ့လိုက်ပစ်လို့ သေဆုံးမှုရှိနေတယ်လို့ သတင်းတွေထွက်ပေါ်နေပြီး ကျေးရွာနဲ့ ဖြစ်စဉ်အသေးစိတ်ကို စုံစမ်းနေဆဲပဲ ဖြစ်ပါတယ်။

ပဲခူးအနောက်ခြမ်းရှိ ပန်းတောင်း၊ ပေါင်းတည်၊ ပေါက်ခေါင်း၊ ကံမ၊ ရွှေတောင်၊ ဥသျှစ်ပင်၊ နတ်တလင်း စတဲ့မြို့နယ်အတွင်းက ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ပြည်သူ့စစ်အဖြစ်တပ်သားစုဆောင်းတာ၊ ကျေးရွာတွေမှာ ပျူစောထီးတပ် ဖွဲ့စည်းခိုင်းတာစတဲ့ စစ်တပ်လူအင်အား အဓမ္မစုဆောင်းတာတွေလုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။  

ပုံစာ - အုတ်ဖိုမြို့နယ်၊ ကမ်းနီကျေးရွာမှ ကယ်ထုတ်ခဲ့သည့် ပြည်သူများ။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #အုတ်ဖိုမြို့နယ် #ကမ်းနီကျေးရွာ #ပြည်သူ #စစ်ကောင်စီ #ပြည်သူ့စစ် #ပျူစောထီး #အဓမ္မ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10