ပဲခူးအရှေ့ခြမ်းမှာ စစ်ဘေးရှောင်ပြည်သူ ၂ သိန်းကျော်ရှိလာ

ပဲခူးအရှေ့ခြမ်းမှာ စစ်ဘေးရှောင်ပြည်သူ ၂ သိန်းကျော်ရှိလာ

ပဲခူးတိုင်းအရှေ့ခြမ်း၊ ညောင်လေးပင်ခရိုင်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ထိတွေ့တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်ပြည်သူ ၂ သိန်းကျော်ရှိလာတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကစပြီး ကရင်ပြည်နယ်နဲ့နီးစပ်တဲ့ ပဲခူးတိုင်းအရှေ့ခြမ်းမှာ နေ့စဉ်တိုက်ပွဲတွေ ဖြစ်နေလို့ စစ်ဘေးရှောင်‌ပြည်သူ ၂ သိန်းကျော်အထိ ရှိလာတယ်လို့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် KPSN ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

"နေ့စဉ်နီးပါး တိုက်ပွဲတွေဖြစ်နေတော့ စစ်ရှောင်တွေပိုပိုများလာတာပေါ့။ စစ်ကောင်စီက ပစ်လိုက်တဲ့လက်နက်ကြီးတွေ ပြည်သူတွေကို ထိတာမနည်းဘူး။ ခုဆိုရင် စစ်ရှောင်တွေ ၂ သိန်းကျော်ထက်မနည်းရှိနေပါတယ်"လို့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်(KPSN)ရဲ့ တာ၀န်ရှိသူက ပြောပါတယ်။

ထိတွေ့တိုက်တွေအတွင်း စစ်ကောင်စီတပ်သားတွေ အထိနာသေဆုံးတာတွေ များတဲ့အတွက် လက်နက်ကြီးပစ်ကူနဲ့ လေယာဉ်ပစ်ကူတွေအသုံးပြုလာလို့ ဒေသခံပြည်သူတွေ ဘေးလွတ်ရာကို တိမ်းရှောင်ထွက်ပြေးနေကြရတယ်လို့ အဆိုပါအဖွဲ့က ပြောပါတယ်။

KNU တပ်မဟာ ၃ နယ်မြေဖြစ်တဲ့ ညောင်လေးပင်ခရိုင်အတွင်း မုန်း၊ ကျောက်ကြီးနဲ့ ရွှေကျင်မြို့တွေ မှာ စစ်ကောင်စီတပ်နဲ့ ကရင်ပူးပေါင်းအဖွဲ့တွေ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က သေဆုံးမှုတွေ များပြားခဲ့တာဖြစ်လို့ လက်နက်ကြီးအပြင် လေယာဉ်ပစ်ကူတွေပါ ကျေးရွာတွေကို ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတွေက ကျေးရွာနေပြည်သူတွေရဲ့ နေအိမ်‌တွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ထိမှန်သေဆုံးမှုတွေရှိလာတာကြောင့် စစ်ရှောင်ပြည်သူတွေ တိုးပွားလာရတာပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ စစ်ရှောင်တွေဟာ နေရပ်မပြန်နိုင်ကြသေးဘဲ အခက်ခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ - KPSN

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#ပဲခူးအရှေ့ခြမ်း #ညောင်လေးပင် #စစ်ရှောင် #နှစ်သိန်းကျော် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10