ပဲစျေးနှုန်းမြင့်မှုနဲ့ စက်သုံးဆီအခက်အခဲကြောင့် တနိုင်တပိုင် ပဲပြားလုပ်ငန်းတွေ ရပ်နားရဖွယ်ရှိ

ပဲစျေးနှုန်းမြင့်မှုနဲ့ စက်သုံးဆီအခက်အခဲကြောင့် တနိုင်တပိုင် ပဲပြားလုပ်ငန်းတွေ ရပ်နားရဖွယ်ရှိ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်အတွင်းမှာ ပဲစျေးနှုန်းမြင့်တက်တာနဲ့ စက်သုံးဆီဝယ်ယူရေး အခက်အခဲလာကြောင့် တနိုင်တပိုင် ပဲပြားလုပ်ငန်းတွေ ရပ်နားရမယ့်အခြေအနေနဲ့ ကြုံနေရတယ်လို့ ပဲပြားလုပ်ငန်းလုပ်သူတွေဆီက သိရပါတယ်။

ပဲပြားလုပ်ငန်းမှာ အဓိကလိုအပ်တဲ့ ပဲစျေးနှုန်းတွေ အဆမတန်မြင့်တက်လာတာနဲ့ စက်သုံးဆီတွေ အလွယ်တကူ ဝယ်ယူမရတာ၊ စျေးကြီးပေးဝယ်ယူနေရတာကြောင့် အမြတ်အစွန်း မရှိသလောက်နည်းပါးလာတဲ့အတွက် လုပ်ငန်းရပ်ဆိုင်းရတော့မယ့် အခြေအနေဖြစ်နေတယ်လို့ ပဲပြားလုပ်ငန်းလုပ်ကိုင်သူတွေက ဆိုပါတယ်။

"အခုက ကုန်ကြမ်းပစ္စည်းတွေက စျေးမတရားတက်တယ်။ အမြတ်က မကျန်ဘူး။ ကိုယ်ထုတ်နေတဲ့ ပဲပြားတွေ ကိုလည်း ကုန်ကြမ်းစျေးကြီးလို့ဆိုပြီး မတရားတင်ရောင်းလို့ မရဘူး။ ပစ္စည်းက အထားမခံတဲ့ ပစ္စည်းဖြစ်နေတာကိုး။ ဒါကြောင့်သင့်တင့်တဲ့စျေးနဲ့ရောင်းရတော့ အမြတ်မကျန်ဘူး။ ကုန်ကျစရိတ်တွေတောင်ပြန်ရဖို့ အနိုင်နိုင်ရယ်" လို့ ပဲပြားလုပ်ငန်းလုပ်ကိုင်နေသူတဦးက ပြောပါတယ်။

ပဲပြားလုပ်ငန်းအတွင်း လုပ်ကိုင်နေတဲ့ အလုပ်သမားမိသားစုဝင်တွေရဲ့ စားဝတ်နေရေးအခြေအနေတွေကြောင့်သာ လုပ်ငန်းကိုဆက်လည်ပတ်နေတာဖြစ်ပြီး အခုလိုဆက်ဖြစ်နေရင် လုပ်ငန်းရပ်နားရတော့မယ်လို့ ဆိုပါတယ်။

တောင်ငူမြို့နယ်အတွင်းက ထုတ်လုပ်တဲ့ပဲပြားတွေမှာ တာရှည်ခံဆေးတွေ ထည့်သွင်းပြုလုပ်တာမျိုး မရှိတာကြောင့် ၂၄ နာရီအတွင်းသာ စားသုံးရတယ်လို့ သိရပါတယ်။

ပဲပြားလုပ်ဖို့ ပဲပုတ်ပဲကို အသုံးပြုရပြီး စစ်ကောင်စီအာဏာမသိမ်းခင်က ၂ တင်းခွဲပါ တအိတ်ကို ကျပ် ၄၅,၀၀၀ ခန့်သာပေးရပြီး အခုအချိန်မှာတော့ တအိတ်ကို ၂၂၀,၀၀၀ ကျပ်ထိ ပေးဝယ်နေရတယ်လို့ ဆိုပါတယ်။

ဒါအပြင် အရင်က ဓာတ်ဆီ တလီတာ ကျပ် ၁၀၀၀ ကျော်သာရှိခဲ့ရာမှာ အခုအချိန်မှာတော့ တလီတာ ကျပ် ၄,၀၀၀ ကျော်ထိ စျေးပေးဝယ်ယူနေရတာတောင် အလွယ်တကူဝယ်မရတဲ့အခက်အခဲတွေဖြစ်နေပါတယ်။

စစ်ကောင်စီအာဏာမသိမ်းခင်က ပဲပြားတတုံးကို ဖောက်သည်ပေးစျေး ကျပ် ၆၀ ခန့်သာရှိခဲ့ပေမယ့် အကျိုး အမြတ်ရရှိပြီး မိသားစုစီးပွားရေးချောင်လည်ပြီး ယခုအချိန်မှာတော့ ပဲပြားတတုံး ကျပ် ၂၈၀ ထိ စျေးရောင်းချနေတာတောင် တွက်ခြေမကိုက်ဘူးလို့ ဆိုပါတယ်။

တောင်ငူမြို့နယ်အတွင်းမှာ ပဲပြားထုတ်လုပ်တဲ့စက်ရုံ ၄ ရုံခန့်ရှိပြီး ထွက်ရှိတဲ့ ပဲပြားတွေကို တောင်ငူ၊ အုတ်တွင်း၊ ရေတာရှည်၊ ထန်းတပင်မြို့နယ်တွေကို တင်ပို့ရောင်းချကြပါတယ်။

စာတည်း-လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #တောင်ငူမြို့ #ပဲစျေးနှုန်း #စက်သုံးဆီ #ပဲပြား

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10