ပဲနွယ်ကုန်းဈေးတခုလုံးမီးလောင်ပြီး ဆိုင်ခန်းပေါင်း ၄၀၀ ကျော်နဲ့ နေအိမ် ၁၀ လုံးပျက်စီး (ရုပ်/သံ)

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းဈေးမီးလောင်ပြီး ဆိုင်ခန်းပေါင်း ၄၃၀ ကျော်နဲ့ လူနေအိမ် ၁၀ လုံး ပျက်စီးဆုံးရှုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဧပြီ ၂ ရက် ညနေ ၆ နာရီခန့်မှာ စျေးအတွင်းရှိ ဒေါ်လွင်မာဦးပိုင် ဆံပင်ညှပ်ဆိုင်ခန်းကနေ မီးစလောင်ရာက ဈေးတဈေးလုံးမီးကူးစက်လောင်ကျွမ်းခဲ့သလို ဈေးအနီးနေအိမ်တွေကိုပါ မီးကူးစက်လောင်ကျွမ်းခဲ့တယ်လို့ ဆိုပါတယ်။

"သိရသလောက်က ဆံပင်ညှပ်ဆိုင်ခန်းကနေ စလောင်တာ။ ဘာကြောင့်လောင်တယ်ဆိုတာ မသိရဘူး။ မီးက ည ၁၁ နာရီခန့်လောက်မှ ထိန်းနိုင်တယ်။ ဒီမနက်ထိတော့ မီးကြွင်းမီးကျန်ကို ဆက်ငြှိမ်းနေရတုန်းပဲ"လို့ ဒေသခံတဦးက ပြောပါတယ်။

ဝါယာရှော့ဖြစ်ပြီး မီးလောင်တာဖြစ်နိုင်တယ်လို့ ဒေသခံအများစုက ပြောဆိုနေကြပြီး မီးလောင်လို့ ဈေးအတွင်းရှိ ဆိုင်ခန်းပေါင်း ၄၃၀ ကျော်နဲ့ ဈေးအရှေ့ဘက် အိမ် ၁၀ လုံး မီးလောင်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

မီးလောင်မှုကို ပဲနွယ်ကုန်းမီးသတ်အပြင် ဖြူး၊ ညောင်ပင်သာ၊ ကညွှတ်ကွင်းက မီးသတ်ကားတွေပါ လာရောက် မီးငြှိမ်းသတ်နေရပြီး ဧပြီ ၃ ရက် ဒီမနက်ပိုင်းထိ ငြှိမ်းသတ်နေရဆဲဖြစ်ပါတယ်။

အဆိုပါစည်ပင်မြို့မဈေးအတွင်း ဆိုင်ခန်း  ၅၀၀ နီးပါးရှိပြီး လက်ရှိမှာ ဆိုင်ခန်း အနည်းငယ်သာ ကျန်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

နေအိမ်မီးလောင်သွားတဲ့ မီးဘေးသင့်ဒေသခံ ၄၀ ကျော်ကတော့ နီးစပ်ရာဆွေမျိုးတွေအိမ်မှာ နေထိုင်နေရတယ်လို့ ဆိုပါတယ်။

 

ဧပြီ ၁ ရက်ကလည်း တောင်ငူမြို့နယ်၊ ညောင်ကိုင်းကျေးရွာအနီးရှိ တောင်ငူတက္ကသိုလ်ဝန်းအတွင်း ဝန်ထမ်းလိုင်းခန်း မီးလောင်မှုဖြစ်ခဲ့ပြီး ၈ ခန်းတွဲလိုင်းခန်း မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။


စာတည်း - လင်း ၊တည်းဖြတ်-
HP

#မြေလတ်အသံ

#ပဲခူး #ကျောက်တံခါး #ပဲနွယ်ကုန်းစျေး #မီးလောင် #သတင်း

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10