ပဲနွယ်ကုန်းမှာ ကောက်ရတဲ့ ဗုံးသီးနဲ့ ဆော့ကစားသူ ဗုံးကွဲလို့ ပွဲချင်းပြီသေ၊ ၅ ဦးဒဏ်ရာရ

ပဲနွယ်ကုန်းမှာ ကောက်ရတဲ့ ဗုံးသီးနဲ့ ဆော့ကစားသူ ဗုံးကွဲလို့ ပွဲချင်းပြီသေ၊ ၅ ဦးဒဏ်ရာရ

 

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့အနီး သဲကောကျေးရွာမှာ လမ်းဘေးကောက်တွေ့တဲ့ ဗုံးကို ဆော့ရာမှ ပေါက်ကွဲမှုဖြစ်ပြီး ၁ ဦးသေ၊ ၅ ဦးဒဏ်ရာရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဇန်နဝါရီ ၂၁ ရက် မနက် ၁၀ နာရီခန့်မှာ သဲကောကျေးရွာ၊ သတိပဌာန်ရပ်ကွက်ရှိ ကားဂိုဒေါင်တခုနားမှာ တွေ့ရတဲ့ ဗုံးသီးကို မဟာညွန့်ဝင်း အသက် ၂၆ ဆိုသူမှ ကောက်ရပြီး ဆော့ကစားခဲ့ရာမှာ ပေါက်ကွဲခဲ့တာလို့ဆိုပါတယ်။

"ကောက်ရတဲ့ဗုံးကို ပိုက်လုံးထဲထည့်ပြီး လှုပ်ကစားတယ်လို့ သိရတယ်။ ဗုံးပေါက်တော့ သူရော အနားမှာရှိနေတဲ့သူတွေရော ထိကုန်တာ" လို့ ဒေသခံတဦးက ပြောပါတယ်။

ဗုံးပေါက်ကွဲလို့ မဟာညွန့်ဝင်းဆိုသူမှာ လက်၊ ရင်ဘတ်၊ မျက်နှာနဲ့ ခန္ဓာကိုယ်အနှံ့ ဗုံးစစင်ဒဏ်ရာတွေကြောင့် နေရာမှာပဲ သေဆုံးသွားပါတယ်။

ဒါ့အပြင် ကားဂိုဒေါင်အလုပ်သမားတွေဖြစ်တဲ့ ရဲလွင်ထွေး ၂၀ နှစ်၊ ဝေဖြိုးအောင် ၃၃ နှစ်၊ မောင်သက် ၄၄ နှစ်၊ ဦးထွန်းမြတ်ထွန်း ၄၉ နှစ်၊ မျိုးဇော်သန့် ၃၄ နှစ်တို့မှာ ခြေထောက်၊ လက်တွေနဲ့ ရင်ဘတ်တွေမှာ အစမှန်ဒဏ်ရာ တွေရခဲ့ပါတယ်။

ဗုံးပေါက်ကွဲလို့ သေဆုံးထိခိုက်ဒဏ်ရာရသူတွေကိုတော့ ဒေသခံတွေက ကျောက်တံခါးမြို့နယ်ပြည်သူ့ဆေးရုံကို တင်ပို့ထားရတယ်လို့ သိရပါတယ်။

စစ်တောင်းမြစ်အနောက်ဘက်ခြမ်းမှာ ကညွတ်ကွင်းအခြေစိုက် ခမရ ၄၃၉၊ ပိန်းဇလုတ်အခြေစိုက် ခမရ ၂၆၄၊ ဖြူးမြို့အခြေစိုက် ခမရ ၃၀၇ ၊ ပဲနွယ်ကုန်းအခြေစိုက် ခမရ ၃၀၈၊ ညောင်လေးပင်အခြေစိုက်တပ်ရင်းတွေ ရှိပြီး ဒေသကာကွယ်ရေးတပ်တွေနဲ့ မကြာခဏဆိုသလို တိုက်ပွဲတွေဖြစ်ပွားလေ့ရှိနေတာပါ။

၂၀၂၃ ဒီဇင်ဘာ နောက်ဆုံးပတ်ထဲမှာလည်း ကျောက်တံခါးမြို့နယ်အတွင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါ သေးတယ်။ 

၂၀၂၃ မတ် ၁၇ ရက်ကလည်း ကျောက်တံခါးမြို့နယ်၊ နံဇကျေးရွာအုပ်စု၊ နတ်တလင်းကျေးရွာ၊ ရွာအဝင်လမ်းထိပ်မှာ လမ်းဘေးအပေါ့သွားတဲ့ အမျိုးသား ၁ ဦးမိုင်းနင်းမိပြီး ဒဏ်ရာပြင်းထန်ရခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #ကျောက်တံခါး #ပဲနွယ်ကုန်းမြို့ #သဲကော်ကျေးရွာ #ဗုံးသီး #ပေါက်ကွဲ #ဆော့ကစား #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10