သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မေလရဲ့ မိုးညတညမှာပဲ မိုခါမုန်တိုင်းဟာ မြောက်ယမားရေလှောင်တမံရဲ့ အဓိကမြောင်းလက်တံကြီးကို ရိုက်ချိုးပစ်လိုက်ပါတယ်။ ကျိုးပျက်သွားတဲ့ ရေပေးမြောင်းနဲ့အတူ ပုလဲဒေသနဲ့ယင်းမာပင်အစပ်က တောင်သူတွေရဲ့ မိုးကြိုအိမ်မက်စိုက်ပျိုးသီးနှံတွေလည်း မျောပါ ပျက်စီးသွားခဲ့ရတာပါ။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်ထဲက ပုလဲမြို့နယ်ဟာ စိုက်ပျိုးရေးကို အဓိကထားတဲ့ ဒေသတခုဖြစ်ပေမယ့် ထူးဆန်းစွာပဲ မိုးခေါင်ရေရှားတဲ့ အညာဒေသတခုပါ။ တနှစ်ပတ်လုံးကိုမှ မိုးရွာရက် ပျှမ်းမျှ ရက် ၅၀ သာရှိပြီး မိုးရေချိန်ကလည်း ၄၀ လက်မသာရတဲ့ ဒေသဖြစ်ပါတယ်
ဒီဒေသမှာ တောင်သူတွေရဲ့ စိုက်ပျိုးရေး အဓိကအားထားရာကတော့ ဆည်ရေသောက်ပါပဲ။ နွေမိုးဆောင်း သုံးရာသီလုံးမှာ ဆည်ရေကို အဓိကအားထားပြီးတော့ သုံးသီးစားစိုက်တာပါ။ အခုလို နွေနှောင်းမိုးအကူးမှာတော့ မိုးကြိုနှမ်းတွေကို အဓိကစိုက်ပြီး နွေစပါးတွေလည်း စိုက်ကြတယ်လို့ သိရပါတယ်။
ပုလဲမြို့နယ်ရဲ့ ပတ်ပတ်လည်မှာတော့ တော်လှန်ရေအားကောင်းလှတဲ့ ယင်းမာပင်၊ ဆားလင်းကြီးနဲ့ မကွေးတိုင်းထဲက ဂန့်ဂေါ၊ မြိုင်တို့က နယ်မြေခြင်းထိစပ်နေတာပါ။ တံငါနားနီးတံငါ မုဆိုးနားနီးမုဆိုးဆိုသလို ပုလဲနယ်ကလည်း တော်လှန်ရေးအားကောင်းခဲ့ပါတယ်။
ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြည်သူ့အုပ်ချုပ်ရေး၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဟာလည်း နယ်မြေတွင်း စိုးမိုးထားနိုင်တယ်လို့ ဂုဏ်ယူခဲ့ရာ ဒေသပါ။ ဆန္ဒဖော်ထုတ်တာ၊ ကြားကာလပညာရေးကျောင်းတွေ ဖွင့်လှစ်တာ CDM ကျန်းမာရေးဝန်ထမ်းတွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ အသက်ဝင်နေတဲ့ ဒေသလည်း ဖြစ်ခဲ့ပါတယ်။
တော်လှန်ရေးအားကောင်းရာ ဒေသဖြစ်တဲ့အတွက် အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်ကြောင်းထိုး တိုက်ခိုက်တာတွေနဲ့ ဖိနှိပ်မှုမျိုးစုံကို နှစ်နဲ့ချီပြီး နေ့စဉ်ရက်ဆက်ခံရတဲ့ ဒေသတွေထဲမှာ ပုလဲနယ်လည်း ပါခဲ့ပါတယ်။
တော်လှန်ရေးအင်အားစုတွေရဲ့ လက်နက်ဆွဲကိုင်တော်လှန်ရေး ၂ နှစ်ပြည့်မြောက်ခဲ့ပြီးနောက် အညာဒေသက အညာသူအညာသားများရဲ့ စစ်ရှောင်ရတဲ့အကြိမ် အရေအတွက်ကလည်း မနည်းလှတော့ပါဘူး။
အသက်လုပြေးလွှားရတာ စစ်ရှောင်နေကြရတာတွေကြားကပဲ မိသားစုစားဝတ်နေရေးအတွက် စိုက်ပျိုးရေးကို ခက်ခက်ခဲခဲ လုပ်နေကြရတာပါ။ ဒါကြောင့် စိုက်ပျိုးဖြစ်ထွန်းလာမယ့် သီးနှံတွေဟာ သူတို့အတွက်တော့ ပစ္စုပ္ပန်ခွန်အား၊ အနာဂတ်အိမ်မက်တွေအဖြစ် တခုထဲသော အားကိုးအားထားရာလို့ ဆိုရပါမယ်။
လက်ရှိမှာတော့ ၂ လကြာခက်ခက်ခဲခဲ စိုက်ခဲ့ရတဲ့ မိုးကြိုနှမ်းတွေနဲ့ နွေစပါး စုစုပေါင်းဧက ၂၇၀၀ ခန့်ဟာ မိုခါမုန်တိုင်းနဲ့ ရေကြီးရေလျှံခဲ့တဲ့ မေလ ၁၄ ရက်နေ့မှာပဲ ပျက်စီးသွားခဲ့ရပြီလို့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ချင်းတွင်းဒေသ စစ်ကြောင်း ( ၃ ) ABSDF-Column 3 က မေလ ၂၇ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
မိုခါမုန်တိုင်းရဲ့ အဆက်မပြတ်ရွာသွန်းခဲ့တဲ့ မိုးရေချိန်ကြောင့် ပုလဲနယ်က လှိုင်းချောင်းရေကြီးရေလျှံပြီး အဲဒီချောင်းပေါ်မှာ ဖြတ်သန်းသွားတဲ့ မြောက်ယမားရဲ့ အဓိက ပင်မမြောင်းလက်တံကျိုးခဲ့ပါတယ်။
အလားတူပဲ ပင်မမြောင်းကြီးရဲ့ လက်တံခွဲ ၁၀ မြောင်းမှာလည်း ကျိုးပျက်မှုတွေဖြစ်ခဲ့လို့ မြောင်းလက်တံတွေနဲ့နီးရာက စိုက်ခင်းတွေကတော့ အလုံးစုံပျက်စီးပြီး နုန်းတွေပါ တင်ကျန်ခဲ့ပါတယ်။ အခြား စိုက်ပျိုးခင်းတွေကတော့ ရေလွှမ်းတာ၊ ရေစီးနဲ့မျောပါတာတွေကြောင့် ပျက်စီးခဲ့တာလို့ ABSDF-Column 3 ရဲ့တာဝန်ရှိသူတဦး ဖြစ်တဲ့ ရဲဘော်ဇေယျက ရှင်းပြပါတယ်။
“လှိုင်းချောင်းပေါ်မှာဖြတ်ပြီးတော့ အဓိကမိန်းလက်တံ ရေပေးမြောင်းလုပ်ထားတဲ့ တံတားကျိုးသွားတာက အဓိကကျတယ်။ မိန်းလက်တံမြောင်းမှာ သွယ်တန်းထားတဲ့ လက်တံမြောင်း ၁၀ ခုရှိတယ်။ လက်တံမြောင်းတွေလည်း ပျက်စီးတယ်။ လက်ယာမြောင်းလည်း ပျက်စီးတယ်။ ပျက်စီးဆုံးရှုံးမှုမှာ ဧက ၂၇၀၀ ထဲမှာ နွေစပါးနည်းပြီးတော့ မိုးကြိုနှမ်း ဧက ကပိုများတယ်။” လို့ ပျက်စီးမှုအခြေအနေနဲ့ ကောက်ယူထားတဲ့ စာရင်းတွေကို ရှင်းပြပါတယ်။
ဆည်ရေသောက်စနစ်ကို အဓိကထား အားကိုးနေရတာဖြစ်လို့ လက်ရှိပျက်စီးဆုံးရှုံးမှုအပြင် ပျက်စီးသွားတဲ့ မြောင်းလက်တံကနေ ရေမပေးနိုင်တဲ့အခါ ထပ်မံဆုံးရှုံးမှာတွေလည်း ရှိအုံးမယ်လို့ ဒေသတွင်း တောင်သူတွေက ဆိုကြပါတယ်။
ငွေကုန်ကြေးကျများပြားပြီး ပြင်ဆင်မှုတွေ အချိန်မီပြုလုပ်နိုင်ဖို့ ခက်ခဲတဲ့အတွက် ရေမပေးနိုင်တဲ့အခါ ကျန်ရှိစိုက်ခင်းတွေက ထူမတ်ဖို့ခက်ခဲမှာဖြစ်ပြီး မိုးမျှော်ဖို့ကတော့ လုံးဝမဖြစ်နိုင်ဘူးလို့ တောင်သူတွေက ပြောပါတယ်။
“လုံးလုံးဆည်ရေကိုအားကိုးလို့မရတဲ့အခါကျတော့ ကောင်းကင်ကျ(မိုးရေ)နဲ့ စိုက်မယ် ဆိုတော့လည်း သိပ်ပြီးအဆင်မပြေဘူး။ အဆင်ပြေမှ စပါးအောင်မှာ၊ စပါးမအောင်ဖို့များတယ်။” လို့ ဒေသခံတောင်သူ ဦးအောင်က ဆိုပါတယ်။
ဦးအောင်တို့ရွာ (လုံခြုံရေးအရ ရွာအမည်ဖော်ပြနိုင်ခြင်းမရှိပါ) ရဲ့ အနောက်ဘက်ခြမ်းတခုတည်းပင် စိုက်ဧက ၂၀၀ ခန့်ပျက်စီးခဲ့တာပါ။ တောင်သူတွေရဲ့ စိုက်ဧက တဧကချင်းစီရဲ့ ကုန်ကျမှုကတော့ နွေစပါးတဧကကို သွင်းအားစုစရိတ် စုစုပေါင်း ၃ သိန်းနဲ့ ၅ သိန်းကြား၊ မိုးကြိုနှမ်းတဧက သွင်းအားစု ၂ သိန်းနဲ့ ၃ သိန်းခန့်ကြား ကုန်ကျထားတယ်လို့ ဆိုကြပါတယ်။ ဒီကုန်ကျမှုဟာ ဒေသအလိုက် အနည်းအများကွာခြားနိုင်တယ်လို့လည်း ဆိုပါတယ်။
သွင်းအားစုစားရိတ် ကြီးမြင့်တာနဲ့ နိုင်ငံရေးအခြေအနေ ကုန်ဈေးနှုန်းတွေကြောင့် တောင်သူလယ်သမားတွေက စိုက်ခင်းတွေကို ခက်ခက်ခဲခဲစိုက်ခဲ့ရတဲ့အခြေနေပါ။ ဒါ့အပြင် စစ်ရှောင်ကြရလို့ အချို့လည်း မစိုက်နိုင်ဘဲ အခုလက်ရှိ ဆုံးရှုံးခဲ့တဲ့ အရေအတွက်က ဒေသတွင်းမှာ လျော့စိုက်ထားရတဲ့ စာရင်းသာဖြစ်တယ်လို့ မေးမြန်းထားတဲ့ ရွာတွေမှ တောင်သူတွေက ဆိုကြပါတယ်။
လွတ်တဲ့ငါးကြီးသလို ပျက်စီးဆုံးရှုံးမှုတွေဖြစ်ပွားခဲ့တဲ့ နှစ်မှာပဲ နွေစပါးဈေးနဲ့ မိုးကြိုနှမ်းဈေးက ကောင်းတယ်လို့ ဆိုကြပါတယ်။ လက်ရှိပေါက်ဈေးအရ မိုးကြိုနှမ်း တတင်း ကို ၇ သောင်းကျော်နဲ့ နွေစပါးတတင်းကို ၂ သောင်း ဝန်းကျင်မှာ ပေါက်နေတယ်လို့ ဒေသတွင်းတောင်သူတွေဆီက သိရပါတယ်။
ရာသီဥတုကောင်းမွန်တာနဲ့ ဆည်ရေပုံမှန်သာရနေမယ်ဆိုရင်တော့ မိုးကြိုနှမ်း တဧကကို နှမ်း ၁၀ တင်းဝန်းကျင်နဲ့ နွေစပါးတဧကကို တင်း ၉၀ နီးပါးထွက်နိုင်တယ်လို့ သိရပါတယ်။ ဒီစံနှုန်းတွေအရ တောင်သူလယ်သမားတွေသာ အမှန်တကယ်ထွက်ရှိ ရောင်းချနိုင်ပါက အမြတ်အစွန်း ကျန်ရှိနိုင်တဲ့အနေအထားလို့ တောင်သူတွေက သုံးသပ်ပါတယ်။
“အကယ်၍ မိုခါမုန်တိုင်း မဖျက်ဆီးသွားဘူးဆိုရင်တော့ တောင်သူတွေမှာက အကျိုးမြတ်က တော်တော်ရရှိမှာပါ။ မိုခါကြောင့်ပျက်စီးသွားတာက အလုံးစုံပျက်စီးတယ်လို့ ပြောလို့ရတယ်ဗျ” လို့ ပုလဲနယ်က တောင်သူတဦးဖြစ်တဲ့ ကိုဖြိုးက ပြောပါတယ်။
မိုခါမုန်တိုင်းကြောင့် ကိုဖြိုးကတော့ မိုးကြိုနှမ်း ၄ ဧကနဲ့ နွေစပါး ၂ ဧက ပျက်စီးခဲ့သူပါ။ လာမယ့်မိုးစပါးကတော့ မိုးကောင်းမှပဲ စိုက်ပျိုးလို့ရမယ့်အခြေနေမှာရှိပြီး ဆည်မြောင်းတွေ ပျက်စီးသွားလို့ မိုးစပါးစိုက်ပျိုးဖို့ရာမှာ တောင်သူတွေ အခက်ခဲဖြစ်မယ်လို့ သူက ဆိုပါတယ်။
ပျက်စီးသွားတဲ့ ဆည်မြောင်းတွေကို မပြုပြင်နိုင်ဘူးဆိုရင်တော့ မြောက်ယမားပင်မမြောင်းက ဆည်ရေသောက် ၁၀၀၈၂ ဧကနဲ့ လက်ယာမြောင်းက ဆည်ရေသောက် ၇၀၀၀ ဧကတို့ဟာ လာမယ့်မိုးစပါးရာသီ စိုက်ပျိုးနိုင်တော့မှာမဟုတ်ဘူးလို့ ထုတ်ပြန်ထားပါတယ်။
ဒီထုတ်ပြန်ချက်ကိုတော့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး၊ ချင်းတွင်းဒေသ စစ်ကြောင်း ( ၃ ) ABSDF-Column 3 နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးတို့က ထုတ်ပြန်ခဲ့ပြီး ဆည်မြောင်းဌာနကနေရရှိတဲ့ စာရင်းတွေဖြစ်တယ်လို့ ဆိုကြပါတယ်။
အရေးပေါ် ပြုပြင်နိုင်ဖို့ကိုတော့ ဒေသတွင်း ပအဖနဲ့ ပကဖ တွေကတဆင့် အမျိုးသားညီညွတ်ရေးအစိုးရကို တင်ပြထားတယ်လို့ သိရပါတယ်။
“အဲဒါကိုပြင်ဆင်ဖို့ဆိုရင် ကျနော်တို့ ဘတ်ဂျက်က တော်တော်လေးကုန်ကျမှာ ဖြစ်တယ်။ ဒါကို ပြင်ဆင်ဖို့ဆို နိုင်ငံတော်အဆင့် ပြင်ဆင်ဖို့လိုတယ်။ လောလောဆယ်တော့ ဒေသမှာ ရှိတဲ့ ပကဖ ပအဖ တို့ကတော့ အတတ်နိုင်ဆုံး အန်ယူဂျီ ကိုတင်ပြပြီး ပြင်ဆင်ဖို့ ကြိုးစားနေကြတယ်။” လို့ ABSDF-Column 3 ရဲ့တာဝန်ရှိသူတဦး ဖြစ်တဲ့ ရဲဘော်ဇေယျက ပြောပါတယ်။
လက်ရှိ ပုလဲမြို့နယ်ထဲက ပျက်စီးနေတဲ့ လမ်းတံတားတွေ နေအိမ်တွေကို ABSDF-Column 3၊ ပအဖ၊ ပကဖနဲ့ အခြားတော်လှန်ရေးအင်အားစုတွေက ကိုယ်ထူကိုယ်ထ ဆိုသလိုမျိုး ပြင်ဆင်နေတာတွေကို ပြုလုပ်နေကြတာပါ။
“မြို့နယ်ထဲက ကူညီနိုင်မယ့်သူရှိရင်လည်း ကောင်းတာပေါ့။ ဒါပေမယ့် မျှော်လင့်လို့လည်းမရပါဘူး။ ကိုယ့်မြို့နယ်လည်း အခက်ခဲဖြစ်နေတာ သူတို့လည်း ကူပါတယ်။ ဖြစ်ဖြစ်မြောက်မြောက်ကြီးကူညီဖို့ကြတော့ မလွယ်ဘူးလေ။ မြို့နယ်ပအဖ က ဦးဆောင်လုပ်ပေးနေပါတယ်။” လို့ ပုလဲနယ်ထဲက လယ်သမားတဦးဖြစ်တဲ့ ဦးအေးက ပြောပါတယ်။
တောင်သူတွေအနေနဲ့တော့ လက်ရှိမှာ ယခင်နှစ်က ဝမ်းစာစပါးတွေနဲ့ မျှတစားသောက်ဖြေရှင်းနေရပါတယ်။ အဲဒီရိက္ခာကုန်သွားရင်တော့ ရေပြတ်လပ်နေတဲ့ နွေစပါးခင်းတွေ မိုးရေရမလား မျှော်နေတယ်လို့ ဆိုကြပါတယ်။
ပုလဲမြို့နယ်ထဲက ပျက်စီးဆုံးရှုံးသွားတဲ့ ဒေသခံတွေအတွက်တော့ ထိရောက်တဲ့ အကူညီတွေ လာရောက်နိုင်တာမရှိသေးဘဲ စာရင်းကောက်ယူနေတာတွေ တော့ရှိတယ်လို့ဆိုပါတယ်။ တောင်သူတွေကတော့ ရေတိုကူညီမှုအစား စိုက်ပျိုးရေး ပြန်လည်ထူထောင်နိုင်ဖို့ ဆည်ရေသောက်ရရှိနိုင်ရေး ဆည်မြောင်းလက်တံတွေ ပြန်လည်ပြင်ဆင်ပေးနိုင်ဖို့ လိုလားနေကြပါတယ်။
အဲဒီလိုလားနေသူတွေထဲမှာတော့ ဦးအေးလည်းအပါအဝင်ပါ။ သူရဲ့ မျှော်လင့်ချက် ကလည်း မရေမရာဖြစ်နေတဲ့အခြေအနေကို အခုလိုပြောလိုက်ပါတယ်။
“ဆည်ရေမြောင်းကြီးသာ မပြင်နိုင်ခဲ့ရင် ဒီနှစ်စပါးထွက်မယ် မထင်တော့ဘူး။ အချိန်ကတအားနီးကပ်နေပြီ။ ဆည်မြောင်းကပြုပြင်လို့ ရေပေးနိုင်တောင် ဒီနှစ်တော့ မီနိုင်မယ်မထင်တော့ဘူး။ လယ်သမားတွေက အတော်ကို ခက်ခဲပါတယ်။ ဆည်ရေမှမသောက်ရရင်တော့ စပါးကခက်သွားပြီ။” လို့ ဆိုလိုက်ပါတယ်။
#မြေလတ်အသံ
Share Share Share