ပျဥ်းမလျှပ်စစ်မီးဓါတ်အားပေးစက်ရုံ ဒရုန်းနဲ့ဗုံးကြဲချခံရ ကပစစက်ရုံတွေ လည်ပတ်မှုရပ်ဆိုင်း (ရုပ်/သံ)

မကွေးတိုင်း၊ ပေါက်မြို့နယ် စစ်ကောင်စီရဲ့ ကပစ ၂၄၊ ကပစ ၂၃ နဲ့ ကျော ကပစ တို့ကို လျှပ်စစ်မီးပေးတဲ့ ပျဥ်းမလျှပ်စစ်ဓါတ်အားပေးစက်ရုံကို ဒေသကာကွယ်ရေးအဖွဲ့တွေက ဒရုန်းနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ်ဆီက သိရပါတယ်။

ဇူလိုင် ၇ ရက် ယမန်နေ့ ညနေပိုင်း ၅ နာရီလောက်မှာ ပျဥ်းမလျှပ်စစ်မီးဓါတ်အားပေးစက်ရုံကို ဒရုန်းအကြီး ၈ စီးနဲ့ ဗုံးသီး ၈ လုံးကြဲချပြီး တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် ရဲဘော်မှုံကြီးက ပြောပါတယ်။ 

ကွဲအားပြင်းဗုံးသီးတွေဖြစ်တဲ့ 5 kg ခန့်ရှိတဲ့ စလစ်အိုးကြီးတွေနဲ့ ကြဲချသလို ရော့ကတ်အလုံး ၂၀ ခန့်နဲ့ ပစ်ခတ်ဖောက်ခွဲခဲ့တာလို့ ဆိုပါတယ်။

ဒေသကာကွယ်ရေးအဖွဲ့တွေဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ချိန်မှာ စစ်ကောင်စီဘက်ကလည်း ကင်းထောက်ဒရုန်းနဲ့ကြည့်ရှုကာ ၆၀ မမ၊ ၈၁ မမ၊ ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့အပြင် မကွေးလေတပ်ကနေ နေ့လယ် ၁၂ နာရီခွဲနဲ့ ညနေ ၃ နာရီခွဲလောက်မှာ ဂျက်ဖိုက်တာနဲ့ ကျွန်းတိုင်းရွာကို ဗုံးကြဲသွားတယ်လို့ဆိုပါတယ်။

လက်ရှိမှာတော့ ဗုံးကြဲတိုက်ခိုက်ခံရတဲ့အတွက် လျှပ်စစ်ဓါတ်အားပေးစက်ရုံ ပျက်စီးမှုတွေရှိခဲ့ပြီး ကပစ စက်ရုံတွေ လည်ပတ်မှုရပ်ဆိုင်းနေတယ်လို့ ရဲဘော်မှုံကြီးက ပြောပါတယ်။ 

ဒရုန်းနဲ့ဗုံးကြဲချတိုက်ခိုက်မှုကို ပြည်သူကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ်၊ ပေါက် ပကဖ၊ ဦးလေးကြီး ရော့ကတ်တပ်ဖွဲ့၊ မိုးမိတ်ရော့ကတ်တပ်ဖွဲ့၊ ဘာမထီပြောက်ကျားတပ်ဖွဲ့၊ နှင်းကွေး ရော့ကတ်အဖွဲ့၊ မြိုင်/ပေါက် ဒရုန်းတပ်ဖွဲ့များ၊ BRAF Drone Team၊ ဗိုလ်လရောင်တပ်ဖွဲ့ (ပေါက်)၊ မြွေပွေးပြောက်ကျားတပ်ဖွဲ့ (ပေါက်မြို့နယ်) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ပေါက် #ပျဥ်းမ #လျှပ်စစ်မီးဓါတ်အားပေးစက်ရုံ #ဒရုန်းနဲ့ဗုံးကြဲချခံရ #ကပစစက်ရုံ #လည်ပတ်မှုရပ်ဆိုင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10