ပျူခေါင်းဆောင် သီတာယုမွန်တို့ စစ်အုပ်စုနဲ့ MBT တို့ရဲ့ ၃ ရက်တာတိုက်ပွဲမှာ စစ်အုပ်စုဘက်က ၁၅ ဦးသေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကွမ်းစိုက်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ MBT တပ်ဖွဲ့တို့ နိုဝင်ဘာ ၁၁ ရက်ကနေ ၁၃ ရက်ထိ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးမှု များခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ သီတာယုမွန်ဦးဆောင်တဲ့ ပျူစောထီးတပ်ဖွဲ့ ပူးပေါင်းအင်အား ၃၀၀ ကျော်ပါ စစ်အုပ်စုက ကွမ်းစိုက်ကျေးရွာအနီးကို ဖောက်ဝင်စီးနင်းချိန် MBT တပ်ဖွဲ့ဘက်က ပိတ်ဆို့ပစ်ခတ်ခဲ့လို့  စစ်ကောင်စီတပ်သားတွေ သေဆုံးမှုများတယ်လို့ Myingyan Black Tiger-MBT မြင်းခြံခရိုင်တပ်ရင်း - ၉ ခေါင်းဆောင်ဗိုလ်မိုက်ခဲက ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က စစ်သား ၁၅ ဦးခန့် သေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေရှိကာ အသေးစိတ် အတိအကျကိုတော့ မသိရသေးဘူးလို့ သူက ဆက်ပြောပါတယ်။

တိုက်ပွဲအတွင်းမှာ မိတ္ထီလာတပ်ကနေ နိုဝင်ဘာ ၁၁ ရက်မှာ Y 12 နဲ့ ဗုံး ၅၉လုံး၊ နိုဝင်ဘာ ၁၂ ရက်မှာ Y 12 နဲ့ ၉ ကြိမ် ဗုံး ၁၀၀ လုံး၊ နိုဝင်ဘာ ၁၃ ရက်မှာလည်း Y 12 နဲ့ ဗုံးကြဲတဲ့အပြင် ဂျက်ဖိုက်တာနဲ့လည်း ပစ်ခတ်မှုတွေလုပ်ခဲ့ပြီး စစ်ကူ ၃၀၀ ခန့် ထပ်မံရောက်လာတဲ့အတွက်

MBT တပ်ဖွဲ့အနေနဲ့  ကွမ်းစိုက်ရွာအနောက်ဘက်ကနေ ပြန်ဆုတ်ခွာပေးခဲ့ရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေကတော့ ကွမ်းစိုက်ရွာထဲကအိမ်တွေကို မီးရှို့ပြီးရွာထဲကပစ္စည်းတွေကို ယူသွားကြတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က သေဆုံးနဲ့ ဒဏ်ရာရတဲ့သူတွေကို မြင်းခြံဆေးရုံကို သယ်သွားရပြီး ပျူစောထီးခေါင်းဆောင် သီတာယုမွန်ရဲ့ ပျူစောထီး ၂ ဦးကတော့ မြင်းခြံဆေးရုံက မကုသနိုင်လို့ မိတ္ထိလာဆေးရုံကို သယ်သွားတယ်လို့ MBT တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲဆီက သိရပါတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#မန္တလေး #မြင်းခြံ #တိုက်ပွဲ #စစ်အုပ်စု #သေဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10