သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းပျူစခန်းကို ရိက္ခာလာပို့တဲ့ စစ်တပ်ရေယာဉ် ၂ စီးကို တိုက်ခိုက်ခဲ့ကြတယ်လို့ ဒေါင်းတမန် GZ ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
ဒီဇင်ဘာ ၁၁ ရက် မနက် ၁၁ နာရီခန့်မှာ ကံကြီးကုန်းရွာရှိ ပျူစခန်းကို ရိက္ခာတွေချပြီး ပြန်လာတဲ့ စစ်တပ်ရေယာဉ်ကို ချင်းတွင်းမြစ်ကမ်းနံဘေး မီတာ ၁၀၀ ကျော်လောက်ကနေ လက်နက်ငယ်တွေနဲ့ ဝိုင်းဝန်းပစ်ခတ်ခဲ့တာလို့ ဒေါင်းတမန် GZ ပြောက်ကျားတပ်ဖွဲ့ တာဝန်ခံ ရဲဘော်ရွှေမန်းက ပြောပါတယ်။
တော်လှန်ရေးအဖွဲ့တွေဘက်က ပစ်ခတ်ချိန်မှာ ရေယာဉ်ပေါ်ပါ စစ်ကောင်စီအဖွဲ့တွေဘက်ကလည်း စက်လက်တွေ၊ ၄၀ မမတွေနဲ့ ပြန်လည်ပစ်ခတ်တာတွေရှိခဲ့တယ်လို့ ဆိုပါတယ်။
ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုအခြေနေကို မသိရသေးဘဲ စုံစမ်းနေဆဲဖြစ်ကာ တော်လှန်ရေးပူးပေါင်းတပ်တွေဘက်ကတော့ထိခိုက်တာမရှိဘူးလို့ ရဲဘော်ရွှေမန်းကပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကိုတော့ SOLO AUNG GYI ပြောက်ကျားတပ်ဖွဲ့နဲ့ ဒေါင်းတမန် GZ ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။
ပစ်ခတ်မှု နာရီဝက်ကျော်လောက်ဖြစ်ပွားပြီးနောက်မှာတော့ စစ်တပ်ရေယာဉ်ဟာ မုံရွာဘက်ကို ဆက်မောင်းသွားတယ်လို့ဆိုပါတယ်။
အဲ့ဒီစစ်တပ်ရေယာဥ်တွေဟာ မုံရွာ နမခ ထဲကနေ ရိက္ခာတွေကို အုန်းပင်ဆိပ်ကမ်းကနေတဆင့် သယ်ဆောင်ပြီး ပျုစောထီးရွာတွေကို ချင်းတွင်းမြစ်ကြောင်းအတိုင်း လိုက်လံပို့ဆောင်တာလို့ သိရပါတယ်။
အဲဒီစစ်တပ်ရေယာဥ်တွေကို ဒီဇင်ဘာ ၁၁ ရက် တနေ့တည်းမှာပဲ ချောင်းဦးနဲ့မုံရွာအကြား ချင်းတွင်းမြစ်အတွင်းမှာ အခြားတော်လှန်ရေးပူးပေါင်းတပ်တွေဘက်ကလည်း ၃ နေရာထက်မနည်း စောင့်ကြိုတိုက်ခိုက်ခဲ့ကြသေးတယ်လို့ သိရပါတယ်။
အခြားအဖွဲ့တွေရဲ့ တိုက်ခိုက်မှုအတွင်းမှာတော့ စစ်ကောင်စီဘက်က ၃ ဦးသေဆုံးကာ ၆ ဦးဒဏ်ရာရခဲ့တယ်လို့ တိုက်ခိုက်မှုမှာ ပါဝင်ခဲ့တဲ့ Nga Moe Yeik Column အဖွဲ့ထံက သိရပါတယ်။
တည်းဖြတ် - HP
#မြေလတ်အသံ
#စစ်ကိုင်း #ချောင်းဦး #ပျူ #စစ်တပ်ရေယာဥ် #တိုက်ခိုက်
Share Share Share