ပျူစောထီးခေါင်းဆောင်နေအိမ်ကို PDF က စီးနင်းပစ်ခတ်ခဲ့လို့ ပျူစောထီးတဦးသေဆုံး

ပျူစောထီးခေါင်းဆောင်နေအိမ်ကို PDF က စီးနင်းပစ်ခတ်ခဲ့လို့ ပျူစောထီးတဦးသေဆုံး

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ တမိုက်သာကျေးရွာက ပျူစောထီးခေါင်းဆောင်တဦးရဲ့ နေအိမ်ကို ဝင်ရောက်စီးနင်းပစ်ခတ်မှုကြောင့် ပျူစောထီးတဦး သေဆုံးခဲ့တယ်လို့ မြင်းခြံခရိုင် တပ်ရင်း ၃ ဆီက သိရပါတယ်။ 

နိုဝင်ဘာ ၂၉ ရက် မနေ့ကနေ့လယ် ၁၂ နာရီကျော်မှာ ပျူစောထီးခေါင်းဆောင် ဦးဖိုးအေးရဲ့ နေအိမ်ကို ဝင်ရောက်ပြီးနောက် ပစ်ခတ်ခဲ့ရာ ဦးဖိုးအေးရဲ့ တူဖြစ်သူ ပျူစောထီးအဖွဲ့ဝင် အသက် ၂၆ နှစ်အရွယ် အောင်နေဗလဆိုသူ ထိမှန်သေဆုံးခဲ့တာပါ။ 

"ကျနော်တို့လာတာကိုတွေ့တော့ ဖိုးအေးမိန်းမက ပစ်ပစ်ဆိုပြီး အရင်အော်တယ်။ သူတို့ဘက်က အရင်ပစ်တာ။ ပစ်ခတ်တာ မိနစ် ၂၀ လောက်အတွင်းမှာ ဖိုးအေးက ထွက်ပြေးသွားတယ်"လို့ မြင်းခြံခရိုင် တပ်ရင်း ၃ တပ်ခွဲမှူးတဦးက ပြောပါတယ်။

ဦးဖိုးအေးက ထွက်ပြေးလွတ်မြောက်သွားပြီး ဇနီးဖြစ်သူ အသက် ၄၈ နှစ်အရွယ် ဒေါ်ဇာခြည်မှာတော့ ဝမ်းဗိုက်မှာဒဏ်ရာရရှိခဲ့ကာ ပစ်ခတ်မှုဖြစ်ပြီးနောက်မှာတော့ သူတို့ဆီကနေ သေနတ် ၅ လက်၊ ကျည် ၁၃၀ ကျော်နဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ တပ်ခွဲမှူးက ဆက်ပြောပါတယ်။ 

ဦးဖိုးအေးဟာ တမိုက်သာကျေးရွာအနီးမှာ သူရဲ့ပျူအဖွဲ့ဝင်တွေနဲ့ လမ်းသွားလမ်းလာတွေကို ဆက်ကြေးကောက်တာအပြင် ဒေသခံလူငယ်တွေကိုလည်း ပျူစောထီးထဲဝင်ဖို့ အမြဲဖိအားပေးနေသူ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ 

ဒီပစ်ခတ်မှုကို မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်း၊ တောင်သာမြို့နယ် ပကဖ၊ မလှိုင်မြို့နယ် ပကဖ အဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပစ်ခတ်မှုဖြစ်ပြီး ၁ နာရီလောက်အကြာမှာ စစ်ကောင်စီအဖွဲ့တွေက ရွာထဲကို လာရောက်စစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့ အထက်ပါတပ်ခွဲမှူးက ပြောပါတယ်။ 

ပြီးခဲ့တဲ့ ဇွန် ၅ ရက်ကလည်း မြင်းခြံခရိုင် တပ်ရင်း ၃ တပ်ဖွဲ့ဝင်တွေဟာ တောင်သာမြို့နယ်၊ ဇဂျမ်းတိုက်နယ်၊ အင်ကျင်းသာရွာမှာ နေထိုင်တဲ့ စစ်ထောက်လှမ်းရေး စစ်မှုထမ်းဟောင်းတဦးဖြစ်တဲ့ ဦးလှမိုးကို နေအိမ်မှာ ပစ်ခတ်ရှင်းလင်းခဲ့ပြီး သူ့ဆီကနေ သေနတ်တလက် သိမ်းဆည်းနိုင်ခဲ့ပါသေးတယ်။ 

ပုံစာ - ပျူစောထီးများထံမှ သိမ်းဆည်းရမိသည့် လက်နက်နှင့် ဆက်စပ်ပစ္စည်းများ။

စာတည်း - လင်း 

#မြေလတ်အသံ

#မန္တလေး #မြင်းခြံ #တောင်သာ #ပျူစောထီး #ပစ်ခတ်ရှင်းလင်း #သေဆုံး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10