ပျူစောထီးခေါင်းဆောင်ရဲ့ သားဖြစ်သူ ပျူစောထီးသင်တန်းဆင်းလာပြီးနောက် ရွာတွေကိုမီးရှို့လုယက်

ပျူစောထီးခေါင်းဆောင်ရဲ့ သားဖြစ်သူ ပျူစောထီးသင်တန်းဆင်းလာပြီးနောက် ရွာတွေကိုမီးရှို့လုယက်

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ ရွာသာယာကျေးရွာမှ ပျူစောထီးနဲ့စစ်သားတွေက စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရေလည်မော်ကျေးရွာကို လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက် မီးရှို့ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇန်နဝါရီလ ၂၄ ရက် ဒီနေ့မနက် ၃ နာရီလောက်မှာ ရွာသာယာကျေးရွာက ပျူစောထီးနဲ့စစ်တပ်ပေါင်းပြီး အနောက်ဘက် ၁ မိုင်ခွဲလောက်အကွာက ရေလည်မော်ကျေးရွာကို စက်လှေတွေနဲ့လာရောက်ကာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ခဲ့တာလို့ သိရပါတယ်။ 

မီးရှို့ဖျက်ဆီးခံရလို့ နေအိမ် ၁၂ လုံးနဲ့ ပဲမှော်စင် ၁ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

"အလစ်အငိုက်ဝင်ပစ်တာ။ ပြည်သူတွေကိုထုတ်နိုင်လိုက်လို့ ဒဏ်ရာရဖမ်းဆီးခံရသူတော့မရှိဘူး။ မနက်အစောကြီး အသက်ကြီးတွေကအစ ချမ်းချမ်းစီးစီး ထပြေးရတာ။ ဒီတရွာထဲကဒုက္ခပေးနေတာ" လို့ ဒေသခံတဦးက ပြောပါတယ်။


ရွာသာယာကျေးရွာဟာ ပျူစောထီးအများအပြားတပ်စွဲနေထိုင်တာဖြစ်ပြီး အဲဒီကျေးရွာရဲ့ ပျူစောထီးခေါင်းဆောင်ဦးအောင်မင်းရဲ့ သားဖြစ်သူဟာ ပျူစောထီးခေါင်းဆောင်သင်တန်းကနေ ဆင်းလာပြီးနောက် ကျေးရွာတွေကို ယခုလို လိုက်လံမီးရှို့တာနဲ့ လုယက်တာတွေလုပ်ဆောင်နေတာလို့ သိရပါတယ်။ 

ရွာသာကျေးရွာက ပျူစောထီးတွေဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာလကနေ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ အထိ အနီးဝန်းကျင်ကျေးရွာတွေကို ၅ ကြိမ်ထပ်မနည်း မီးရှို့ဖျက်ဆီးခဲ့သလို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက် တာကြောင့် စဥ့်ကူးမြို့နယ်၊ ကြက်တူရွေးရွာ၊ ဟင်္သာမရွာ၊ နေပူကုန်း၊ စဥ့်အိုးကျွန်း၊ ဝက်လက်မြို့နယ်က သရက်ပင်၊ ကမ်းဖြူ၊ မော်ဦး၊ ရေလည်မော်ကျေးရွာ တို့က နေအိမ် အလုံး ၃၀ ခန့် ပျက်စီးခဲ့သလို ဒဏ်ရာရသူ ၅ ဦးထပ်မနည်း ရှိခဲ့တယ်လို့သိရပါတယ်။

ပုံစာ - ယနေ့မနက်အစောပိုင်းက ရေလည်မော်ရွာကို ပျူစောထီးနဲ့ စစ်ကောင်စီတပ်သားများ မီးရှို့သွားကြစဉ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #မန္တလေးတိုင်း #စဉ့်ကူးမြို့နယ် #ဝက်လက်မြို့နယ် #ပျူစောထီး #စစ်ကောင်စီ #ကျေးရွာ #မီးရှို့ #စစ်ရှောင် #နေအိမ် #သတင်း #မြေလတ်သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10