ပျူစောထီးစခန်းကို PDF ဝင်တိုက်၊ စစ်သားနဲ့ပျူ ၁၀ ဦးကျော်သေလို့ ကျေးရွာတွေကို စစ်တပ်ကမီးရှို့

ပျူစောထီးစခန်းကို PDF ဝင်တိုက်၊ စစ်သားနဲ့ပျူ ၁၀ ဦးကျော်သေလို့ ကျေးရွာတွေကို စစ်တပ်ကမီးရှို့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ တင်ငုတ်ကြီးကျေးရွာ ပျူစောထီးစခန်းကို တော်လှန်ရေးတပ်တွေက ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်သားနဲ့ပျူစောထီး ၁၀ ဦးကျော်သေဆုံးပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ မြေပြင်တိုက်ခိုက်ရေး ရဲဘော်တဦးက ပြောပါတယ်။ 

ဇန်နဝါရီ ၁၁ ရက် မနေ့ကမနက် ၂ နာရီလောက်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေက ကန့်ဘလူမြို့နဲ့ ၈ မိုင်လောက်အကွာမှာရှိတဲ့ စစ်ကောင်စီအားထားရတဲ့ တင်ငုတ်ကြီးပျူစောထီးစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြတာပါ။

“အဲ့ဒီစခန်းမှာ ပျူနဲ့စခ အင်အား ၃၀ လောက်ရှိတယ်။ ထွက်ပြေးကြတဲ့သူတွေလည်း ရှိတယ်။ မျက်မြင် ၁၁ ယောက်ကျပါတယ်။ ဖမ်းမိတဲ့သူ မရှိခဲ့ပါဘူး။ စခန်းကိုမီးရှို့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်း နိုင်ခဲ့တယ်” လို့ တိုက်ပွဲမှာပါဝင်တဲ့ တော်လှန်ရေးတပ်ဖွဲ့ရဲဘော် ကိုကေတူးက ပြောပါတယ်။

တင်ငုတ်ကြီးပျူစောထီးစခန်းဟာ ရွာထိပ်မှာ အထိုင်စခန်းချထားတာဖြစ်ပြီး အဲ့ဒီစခန်းကနေ ကာဘိုင် သေနတ် ၈ လက်၊ ဂျောက်ဂျက်သေနတ် ၅ လက်နဲ့ G3 သေနတ် ၁ လက် စုစုပေါင်းသေနတ် ၁၄ လက်နဲ့ ခဲယမ်းတွေကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒီလိုတိုက်ခိုက်ခံရပြီးတဲ့နောက် မနက် ၇ နာရီခွဲလောက်မှာ ကန့်ဘလူ ၆၀၀၆ တင့်ကားတပ်ရင်းကနေ သံချပ်ကာကား ၄ စီးနဲ့ အနီးဝန်းကျင်ရှိ ပျူရွာတွေကပါ အင်အားဖြည့်တင်းပြီး တင်ငုတ်ကြီးရွာကို ရောက်လာတယ်လို့ ဆိုပါတယ်။ 

အဲ့ဒီနောက် စစ်ကြောင်းနှစ်ကြောင်းခွဲပြီး တကြောင်းက မနက် ၁၁ နာရီခွဲမှာ တောင့်တည်းကုန်းရွာကို မီးရှို့ခဲ့ကာ နောက်စစ်ကြောင်းကတော့ နေ့လယ် ၁၂ နာရီခွဲမှာ ကိုးမြို့ရွာနဲ့ နေ့လယ် ၂ နာရီ ဝန်းကျင်မှာ သရက်ခေါင်းကျေးရွာတွေကို ဝင်ရောက်မီးရှို့သွားတာလို့ ရဲဘော်ကေတူးက ပြောပါတယ်။ 

သရက်ခေါင်းကျေးရွာက နေအိမ် ၁၃ လုံး မီးလောင်ကျွမ်းခဲ့ပြီး ကျန် ၂ ရွာရဲ့ ပျက်စီးဆုံးရှုံးမှုကိုတော့ အတည်မပြုနိုင်သေးပါဘူး။ 

"သူတို့ (စကစ)က မခံမရပ်နိုင်ဖြစ်တယ်ထင်ပါတယ်။ အနီးဝန်းကျင်က ရွာတွေကိုရော လက်နက်ကြီးတွေနဲ့ ပစ်ခတ်သွားတယ်"လို့ ရဲဘော်ကေတူးက ပြောပါတယ်။

လက်ရှိအချိန်မှာ အဲ့ဒီစစ်ကြောင်းတွေဟာ တင်ငုတ်ကြီးကျေးရွာနဲ့ အနောက်ညောင်ဇင်ကျေးရွာတွေမှာ အင်အား ၃၀၀ လောက်နဲ့ တပ်စုထားတယ်လို့ ဆိုပါတယ်။  

ဒီစစ်ကြောင်းတွေကြောင့် ညောင်ဇင်ကြီး၊ မင်းကုန်း၊ ဘိုတည်းကုန်း၊ ဖလံချိုင်၊ သရက်ခေါင်း၊ ငါးရာနဲ၊ သိုးဘိုး၊ ကိုးမြို့၊ တောင့်တည်းကုန်း စတဲ့ကျေးရွာတွေက ဒေသခံ ၁၀,၀၀၀ ဝန်းကျင် ရှောင်တိမ်း နေရတယ်လို့ သိရပါတယ်။

ပုံစာ - စစ်အုပ်စု မီးရှို့ခဲ့သည့် သရက်ခေါင်းကျေးရွာ။ 

ပုံ - ကျွန်းလှတက်ကြွလှုပ်ရှားသူများ။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ကန့်ဘလူ #ပျူစောထီးစခန်း #စီးနင်းခံရ #သေဆုံး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10