ပျူစောထီးတွေကျက်စားတဲ့နေရာအနီး လူနာတင်ကားပစ်ခံရပြီး ကျောင်းထိုင်ဆရာတော်တပါး ပျံလွန်

ပျူစောထီးတွေကျက်စားတဲ့နေရာအနီး လူနာတင်ကားပစ်ခံရပြီး ကျောင်းထိုင်ဆရာတော်တပါး ပျံလွန်

မန္တလေးတိုင်း၊ မြင်းခြံမြို့အထွက်မှာ ဇွန်လ ၂၂ရက် မနေ့ည ၉နာရီခွဲဝန်းကျင်က လူနာတင်ယာဉ်တစီးကို စစ်တပ်လက်အောက်ခံ ပျူစောထီးအဖွဲ့က  ပစ်ခတ်ခဲ့တာကြောင့် ကားပေါ်ပါ ကျောင်းထိုင်ဆရာတော်တပါး ပျံလွန်တော်မူခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပျံလွန်တော်မူခဲ့သူမှာ ဆခမကျေးရွာကျောင်းထိုင်ဆရာတော် သက်တော် ၄၉ နှစ်၊ ဝါတော် ၁၀ နှစ်ရှိ ဦးဥတ္တမ(လူအမည် ‌ဦးကျော်သူ)ဖြစ်ပြီး မြင်းခြံမြို့ဆေးရုံကိုလူနာပို့ပြီးပြန်လာစဉ်  အမှတ် ၁၈ရပ်ကွက်နဲ့ ဆခမရွာအကြား မြို့ပတ်လမ်းမှာ ပစ်ခတ်ခံခဲ့ရတာလို့ ဆိုပါတယ်။

“ ကားအတွင်းမီး မဖွင့်ဘဲ အပြင်မီးပဲ ဖွင့်ပြီးမောင်းလာတာ။ အဲ့ဒီချိန်မှာပျူစောထီးတွေက ကင်းပုန်းဝပ်တာနဲ့တွေ့ပြီးပစ်တာ။ ဆရာတော်က ကားခေါင်းခန်းမှာ ပွဲချင်းပြီးပျံလွန်တော်မူတာ။ အဲ့ဒီနေရာက မြို့နဲ့အနီးဆုံးဆိုတော့ ပျူစောထီးတွေ အမြဲတမ်းနေတဲ့နေရာ” လို့ မြင်းခြံမြို့ခံတဦးက မြေလတ်အသံ ကို ပြောပါတယ်။

ဆရာတော် ဦးဥတ္တမဟာ ယခင်ဆမခရွာကျောင်းထိုင်ဆရာတော်ဟောင်း  ပျံလွန်တော်မူသွားချိန် ကျောင်းမှာ ဝါတော်အကြီးဆုံးဖြစ်တဲ့အတွက်  လက်ရှိဆခမကျောင်းရဲ့ကျောင်းထိုင်ဆရာတော်အဖြစ် သီတင်းသုံးနေတာလို့ ဆိုပါတယ်။ 

ဒါ့အပြင် ကားပေါ်ပါ ဆခမတောင်ရွာက လူငယ်တဦးလည်း သေနတ်ကျည်ထိမှန်ကာ ဒဏ်ရာအပြင်း အထန်ရရှိထားလို့ မန္တလေးဆေးရုံပို့ကာကုသနေတယ်လို့ ကနဦးကြားသိရပေမယ့် နောက်ဆက်တွဲအခြေ အနေ စုံစမ်းနေဆဲပဲဖြစ်တယ်လို့ ဆိုပါတယ်။

စစ်တပ်ထောက်ခံတဲ့လူမှုကွန်ယက်တွေမှာတော့ အဆိုပါပစ်ခတ်မှုဟာ မြင်းခြံ Black Tiger PDF အဖွဲ့ရဲ့လုပ်ဆောင်မှုဆိုပြီး စွပ်စွဲရေးသားထားပေမယ့် ဒေသခံတွေက တော့ အခင်းဖြစ်ရာနေရာအနီးတဝိုက်ဟာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ အထိုင်ချတပ်စွဲရာနေရာတခုဖြစ်တယ်လို့ ပြောဆိုပါတယ်။

“အဲ့ဒီနားတကြောက KTVတွေမှာ စစ်တပ်နဲ့ပျူတွေက လှည့်ပြီးကျက်စားနေကျ။ ညဆို KTVတွေမှာ အိပ်တာတွေရှိတယ်။ မပစ်ခင်ကလည်း KTV နားမှာ တပ်စွဲသလို ကင်းစောင့်သလိုလို နေနေတဲ့အဖွဲ့ (စစ်ကောင်စီ)တွေက  စစ်ကြောင်းထိုးစရာရှိလို့ နယ်မြေရှင်းလင်းရေး သွားရမှာရှိတယ်ဆိုပြီး  သတိပေးသလိုလို ပြောသွားတာရှိတယ်” လို့ နောက်ထပ် မြင်းခြံဒေသခံတဦးက  ပြောပါတယ်။

ပစ်ခတ်မှုကို  MBT တပ်ဖွဲ့ကကျူးလွန်တယ်လို့ စစ်ကောင်စီကိုထောက်ခံရေးသားတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာဖော်ပြနေတာနဲ့ပတ်သက်ပြီး Myin gyan Black Tiger-MBT မြင်းခြံခရိုင်တပ်ရင်း - ၉ ခေါင်း ဆောင် ဗိုလ်မိုက်ခဲက အခုလိုတုံ့ပြန်ပါတယ်။

“ ဆခမရွာနဲ့ ကွမ်းစိုက်ရွာက အဝေးကြီးပါ၊ ကျနော်က ကွမ်းစိုက်ရွာသားဆိုဒါ‌မှန်ပါတယ်၊ ဆခမရွာနဲ့ ကွမ်းစိုက်ရွာနဲ့ဆိုရင် မကျည်းသမြှားရွာနဲ့ စွန်းလွန်းဆည်ကြီးခြားပါတယ်။   အဲ့ဒီဘက်မှာစစ်ရေး လှုပ်ရှားခြင်းမရှိသလို၊ စစ်ရေးလည်းတပ်ဖြန့်ထားတာမရှိပါဘူး။ စစ်ကောင်စီဘက်က သူတို့လုပ်တာကို သတင်းဖုံးချင်တဲ့အတွက် ကျနော်တို့လုပ်တယ်ဆိုပြီး ဝါဒဖြန့်တာ” လို့  သူက ပြောပါတယ်။

ဇွန်လ ၁၉ ရက်နေ့ကလည်း ငါးန်ဇွန်မြို့နယ်၊ ကံမရွာအနီးလမ်းပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ် ခတ်မှုကြောင့် ရွှေကျင်ဂိုဏ်းဗဟိုအလုပ် အမှု ဆောင် မဟနအဖွဲ့ဝင်ဟောင်း ပဲခူး၊ ဝင်းနိမ္မိတာရုံကျောင်း တိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ဘဝနတ်ထံပျံလွန်တော်မူခဲ့ရပြီး မင်္ဂလာဒုံမြို့နယ်၊ ကံသုံးဆင့်ပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသ ဒဏ်ရာရှိခဲ့ပါသေးတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီလ နောက်ဆုံးက ပျူစောထီးနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ယခု ခဆမဆရာတော်ပစ်ခတ်ခံတဲ့နေရာအနီးမှာ တောင်သာမြို့နယ်က လူငယ် ၅ ဦးကို ပစ်သတ်သွားခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း- ဟိန်းစံ။

#မြေလတ်အသံ

#မြင်းခြံ #ကျောင်းထိုင်ဘုန်းကြီး #ခဆမဆရာတော် #ပစ်ခတ်ခံရ #ပျံလွန်တော်မူ #ပျူစောထီး #ပစ်ခတ်မှု #သတင်းတို

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10