သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတွေစိုးမိုးထားတဲ့ မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ဆင်လူးကျေးရွာ ကနေ ထွက်ပြေးလာတဲ့ဒေသခံပြည်သူ ၇၀ ဦးကျော်ရှိနေပြီလို့ ထွက်ပြေးလာတဲ့ဒေသခံတွေနဲ့ တော်လှန်ရေးအဖွဲ့ဝင်တွေဆီက သိရပါတယ်။
ထွက်ပြေးလာသူတွေထဲမှာ ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ၊ အမျိုးသား၊ အမျိုးသမီး အရွယ်စုံပါဝင်ပြီး ပြီးခဲ့တဲ့နိုဝင်ဘာလဆန်းပိုင်းကစတင်ကာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး တဦးချင်း၊ မိသားစုလိုက် စသဖြင့် ထွက်ပြေးတိမ်းရှောင်လာခဲ့ကြတာလို့ ဆိုပါတယ်။
"ရွာ မနေတာက ပျူစောထီးတွေကြောက်လို့။ အမေကြီးတို့ စျေးဝယ်ထွက်သွားရင်တောင် သားတို့နဲ့ အဆက်အသွယ်လုပ်တယ်ဆိုပြီး မေးခံရတယ်။ စစ်ခံရတယ်။ အမေကြီးတို့မိသားစုဆို မယုံရဘူးဆိုပြီး ခေါ်စစ်ခံရတာတွေရှိတယ်။"လို့ ထွက်ပြေးလာတဲ့ ဒေသခံအမျိုးသမီးကြီးတဦးက ပြောပါတယ်။
ပျုုစောထီးအဖွဲ့ဝင်မဟုတ်တဲ့ ရွာခံတွေကို ပျုစောထီးအဖွဲ့ထဲဝင်လာအောင် စည်းရုံးတာ၊ အတင်းအကြပ် အဖွဲ့ထဲဝင်ခိုင်းတာ၊ အသွားအလာ စောင့်ကြည့်ခံရတာ၊ ရွာပြင်ကိုထွက်မယ်ဆိုရင် ပျုစောထီးအဖွဲ့ဝင်တွေဆီ အသိပေးအကြောင်းကြားရတယ်လို့ ဆင်လူးရွာက ထွက်ပြေးလာတဲ့အမျိုးသားတဦးက ပြောပါတယ်။
"ထွက်လာတာက လယ်သွားလုပ်လည်း အဆင်မပြေ။ သွားတာမကြိုက်။ အိမ်ကအစ စောင့်ကြည့်လို့ ကျဥ်းမြောင်းကြပ်တည်းလာလို့ ထွက်လာရတာ။ ပျုတွေက စောင့်ကြည့်တာ။ "လို့ သူကပြောပါတယ်။
ပျူစောထီးအဖွဲ့တွေရဲ့ချုပ်ချယ်မှုကို လက်မခံချင်လို့ထွက်လာရပေမယ့် ကျေးရွာမှာကျန်ခဲ့တဲ့ မိသားစုဝင်တွေကို ပျုစောထီးအဖွဲ့ဝင်တွေက ဒုက္ခပေးမှာကိုလည်း စိုးရိမ်နေရတယ်လို့ သူက ဆက်ပြောပါတယ်။
ဆင်လူးရွာက ဒေသခံတွေအနေနဲ့ ကျေးရွာကနေ တိတ်တဆိတ်ထွက်သွားတာ၊ တော်လှန်ရေးအဖွဲ့ဝင်တွေနဲ့ဆက်သွယ်တာတွေလုပ်ရင် ပိုင်ဆိုင်မှုတွေကိုချိပ်ပိတ်ပြီး လူတွေကိုလည်း အရေးယူမယ်ဆိုပြီး ခြိမ်းခြောက်ထားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပျူစောထီးတွေစားသောက်ဖို့ ရွာခံတွေကို အလှည့်ကျ ထမင်းချက်ပို့ခိုင်းတာ၊ ရွာလုံခြုံရေး အကြောင်းပြပြီး ရွာကိုစည်းရိုးကာဖို့ဆိုကာ ၁ အိမ်ကို ဝါးအလုံး ၂၀၊ ငွေကျပ် ၈၀၀၀ နဲ့ သွပ်ကြိုးဖိုးတွေ တောင်းခံတာ၊ ပျူစောထီးအဖွဲ့ဝင်တွေအတွက် ၁ လ ၁ အိမ်ထောင် ဆန် ၁ ပြည်နဲ့ငွေကျပ် ၃၀,၀၀၀ တောင်းခံတာတွေလည်း ရှိနေတယ်လို့ အထက်ပါဒေသခံက ပြောပါတယ်။
ဒါ့အပြင် ကျေးရွာပြင်ပထွက် စျေးဝယ်တာ၊ ကျန်းမာရေး၊ လူမှုရေးကိစ္စသွားလာတာတွေအတွက် အထူးတင်းကြပ်စစ်ဆေးပြီးမှ သွားလာခွင့်ပေးထားပြီး ပျုစောထီးအဖွဲ့ဝင်တွေနဲ့ ပတ်သက်သူတွေကတော့ အစစ်ဆေးမရှိ သွားလာခွင့်ရှိတယ်လို့ ဆိုပါတယ်။
ရွာထဲမှာ ပျုစောထီးတွေနဲ့ အဆင်ပြေသူတွေ သယ်ဆောင်ရောင်းချတဲ့ အခြေခံစားသောက်ကုန်တွေကတော့ လုံလောက်စွာရှိနေပြီး ပြတ်လပ်တာမရှိပေမယ့် စျေးကြီးပေးပြီး ဝယ်စားရတာရှိတယ်လို့ ဆိုပါတယ်။
ထွက်ပြေးလာသူတွေထဲမှာ ပျုစောထီးအဖွဲ့ဝင်ထားသူတွေမပါဘဲ ပျုစောထီးအဖွဲ့ထဲဝင်ရမှာ စိုးရိမ်သူတွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေဖြစ်ကာ သူတို့ကိုပျုစောထီးတွေနဲ့လွတ်ရာ ကျေးရွာအချို့နဲ့ တော်လှန်ရေးအဖွဲ့တွေရှိတဲ့နေရာတွေမှာ ကူညီစောင့်ရှောက်ပေးထားပြီး လတ်တလော စားဝတ်နေရေးအဆင်ပြေစေဖို့ စီစဥ်ပေးထားတယ်လို့ ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့ဝင်တွေဆီက သိရပါတယ်။
"ဆင်လူးရွာဆို ပျူများတယ်။ ဒါပေမယ့် လက်နက်ကိုင်ထားသူမဟုတ်တဲ့။ သင်တန်းတက်ထားသူ မဟုတ်တဲ့သူတွေကို ပြည်သူလူထုလို့ သတ်မှတ်တယ်။ အဲဒီရွာမှာ မနေချင်လို့ ထွက်လာချင်သူတွေကို တပ်ရင်းတပ်ဖွဲ့တွေနဲ့ပေါင်းပြီး ချိတ်ဆက်ခေါ်ထုတ်ပေးနေတယ်။ ရောက်လာသူတွေကိုလည်း ချက်ပြုတ်ကျွေးမွေးတယ်" လို့ မင်းဘူးခရိုင် ပကဖ ပြန်ကြားရေးတာဝန်ခံ ကိုအညာသားက ပြောပါတယ်။
ထွက်ပြေးလာသူတွေကို ကာလအတိုင်းအတာတခုလောက်ထိ စောင့်ရှောင်ကျွေးမွေးထားဖို့ အဆင်ပြေပေမယ့် ကာလကြာရှည်ပါက အဘက်ဘက်က ဝန်ပိလာနိုင်တာကြောင့် ရွာခံတွေရဲ့ အခြေအနေကို NUG ဝန်ကြီးဌာနကိုတင်ပြထားပြီး အလုပ်အကိုင်နဲ့ နေစရာရအောင် ကူညီပေးသွားဖို့လည်း ရှိနေတယ်လို့ဆိုပါတယ်။
ဒါ့အပြင် ပျူစောထီးတွေရဲ့လက်အောက်မှာမနေချင်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ရွာကထွက်လာဖို့ ခက်ခဲနေသူတွေလည်း ရှိနေတယ်လို့ ရွာကထွက်ပြေးလာသူတွေဆီက သိရပါတယ်။
လက်ရှိ ဆင်လူးအုပ်ချုပ်ရေးမှူး ပျူစောထီးခေါင်းဆောင် ဦးဖိုးအောင်ဟာလည်း ကြံ့ခိုင်ရေးပါတီဝင်တဦးဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် အရပ်သာအစိုးရလက်ထက် အုပ်ချုပ်ရေးမှူး ဦးစိန်အောင်မိုးကို ဖြုတ်ချကာ အုပ်ချုပ်ရေးမှူးရာထူးရယူခဲ့ပြီးနောက် ၂၀၂၁ ဇူလိုင်လမှာ ဆင်လူးရွာရဲ့ မူလပျူစောထီးတပ်ဖွဲ့ကို ၎င်းဦးဆောင်တဲ့ ကြံ့ခိုင်ရေးပါတီဝင်တွေနဲ့ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
အိမ်ခြေ ၈၀၀ ကျော်၊ လူဦးရေ ၃,၀၀၀ ကျော်ရှိတဲ့ ပွင့်ဖြူမြို့နယ်၊ ဆင်လူးရွာက ဒေသခံတွေကို ပြီးခဲ့တဲ့ စက်တင်ဘာလဆန်းပိုင်းက စတင်ကာ ကျေးရွာပြင်ပထွက်ခွာခွင့်ပိတ်ထားပြီး အိမ် ၁ အိမ် အမျိုးသား ၁ ယောက်နှုန်း ပျူစောထီးအဖွဲ့ဝင်သစ်အဖြစ်ဝင်ရောက်ဖို့ ပျူစောထီးခေါင်းဆောင် ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက အတင်းအကြပ်ဖိအားပေး ဝင်ရောက်ခိုင်းခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဆင်လူးရွာပျူစောထီးတပ်ဖွဲ့ဟာ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ပျူစောထီးခေါင်းဆောင် ဦးဖိုးအောင် ဦးဆောင်တဲ့ အင်အား ၁၅၀ ခန့်ရှိ တပ်ဖွဲ့ဖြစ်ပြီး ၎င်းတပ်ဖွဲ့ကို စစ်ကောင်စီတပ်က ကပစထုတ် မောင်းပြန်သေနတ် MA သေနတ် ၃၀ ကျော်အပါ လက်နက်ငယ် ၇၀ ခန့်နဲ့ ခဲယမ်းတွေ၊ ဒရုန်း(အကြီး) တွေနဲ့ အီနာဂါဗုံးသီးတွေ တပ်ဆင်ပေးထားတယ်လို့ သိရပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#မကွေး #ပွင့်ဖြူ #ဆင်လူးကျေးရွာ #ပျူစောထီးစိုးမိုး #ဒေသခံထွက်ပြေး
Share Share Share