သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
အရာတော်မြို့နယ်အတွင်းက ပျူစောထီး(ခေါ်) ပြည်သူ့စစ်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ငွေတွင်းကျေးရွာကနေ ထွက်ပြေးလာတဲ့ ပြည်သူ ၃,၀၀၀ နီးပါးရှိပြီလို့ လက်ခံပေးထားတဲ့ PDF တပ်ဖွဲ့ဆီက သိရပါတယ်။
အိမ်ခြေ ၅၀၀ နီးပါးရှိတဲ့ ငွေတွင်းရွာမှာ လူဦးရေ ၄,၀၀၀ကျော်ရှိပြီး အိမ်ခြေ ၁၅၀ လောက်က ပြည်သူ့စစ်အဖွဲ့ဝင်တွေ ဖြစ်ကြပါတယ်။
အဲ့ဒီထဲကမှ လူဦးရေ ၃,၀၀၀ နီးပါးဟာ ပြည်သူ့စစ်အဖွဲ့ဝင်တွေရဲ့ မကြာခဏ ဖမ်းဆီးရိုက်နှက်တာတွေ၊ ငွေညှစ်တာတွေကို မခံနိုင်လို့ တော်လှန်ရေးအဖွဲ့တွေ စိုးမိုးထားတဲ့ နယ်မြေတွေကို ထွက်ပြေးခိုလှုံလာခဲ့ကြတယ်လို့ Ngwe Dwin Revolutionary Force(NDRF) ရဲ့ တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။
၂၀၂၄ ခုနှစ်အတွင်းမှာ ငွေတွင်းရွာကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ဖူးပြီး ၂၀၂၄ ဒီဇင်ဘာ ၂၅ရက်မှာတော့ ငွေတွင်းကျေးရွာက အရပ်သားပြည်သူတွေအနေနဲ့ ပြည်သူ့စစ်တွေနဲ့ ဝေးရာကို ရှောင်တိမ်းထွက်ခွာကြဖို့ အရာတော်မြို့နယ် PDF က သတိပေးစာထုတ်ပြန်ခဲ့ပါတယ်။
ပြည်သူ့စစ်တွေရဲ့ ဖိနှိပ်မှုတွေကြောင့် အရင်ကတည်းက အသီးသီးထွက်ပြေးလာကြသူတွေရှိခဲ့ပေမယ့် သတိပေးစာထုတ်ပြန်ပြီးနောက်မှာတော့ ငွေတွင်းရွာက ထွက်ပြေးလာသူတွေ ၃,၀၀၀ နီးပါး ရှိခဲ့ပြီလို့ NDRFရဲ့ တာဝန်ရှိသူတဦးဖြစ်တဲ့ ကိုတိုးကြီးက မြေလတ်အသံကို ပြောပါတယ်။
"ငွေတွင်းက ထွက်လာတဲ့ ပြည်သူတွေရဲ့ စားဝတ်နေရေးကတော့ ကျနော်တို့ဘက်မှာရှိတဲ့ တပ်ရင်း/တပ်ဖွဲ့တွေရယ်၊ မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရယ်၊ ထောက်ပို့အဖွဲ့အစည်းတွေရယ် ဝိုင်းပြီးတော့ ဆန်တွေ လှူကြတယ်၊ ဆီပုံးတွေဘာတွေ လာလှူကြတယ်။ စားဝတ်နေရေးကတော့ အဲ့လိုပဲ သွားနေရတာဗျ" လို့ ပြောပါတယ်။
ငွေတွင်းရွာကနေ ထွက်ပြေးတိမ်းရှောင်လာသူတွေထဲမှာ သက်ကြီးရွယ်အို ၇၀ ဦးခန့်၊ ကလေးသူငယ် ၅၀ ဦးခန့် နဲ့ ကိုယ်ဝန်ဆောင်မိခင် ၂၀ ဦးခန့် ပါဝင်လာပြီး ကျောင်းနေအရွယ်ကလေးတွေကို လွတ်မြောက်တဲ့ဒေသတွေမှာ ကျောင်းဆက်တက်စေတာမျိုးတွေရှိတယ်လို့ ကိုတိုးကြီးက ဆက်ပြောပါတယ်။
ငွေတွင်းကျေးရွာမှာ ပြည်သူ့စစ်တွေ လက်နက်နဲ့ စောင့်ကြပ်နေတဲ့ကြားကနေ နွားကျောင်းသွားမယ်လို့ ခွင့်တောင်းပြီး ထွက်ပြေးလာခဲ့ရတယ်လို့ အသက် ၆၀ အရွယ် အဘွားတဦးက မြေလတ်အသံကို ပြောပါတယ်။
"အဘွားတို့မှာ ဘာမှမယူနိုင်ဘူး။ နွားကျောင်းသွားမယ်ဆိုတာ ထမင်းထုတ်တောင် မယူခိုင်းဘူး။ နွားကျောင်းမယ်၊ သွားမယ်လာမယ်ဆိုပြီး လိမ်ထွက်လာရတာ။ တချို့ဆို ပြေးလိုက်လာရတာ ဖိနပ်တောင် မပါကြဘူး။" လို့ နေရပ်စွန့်ခွာ ထွက်ပြေးလာစဉ်က အတွေ့အကြုံကို ပြောပြပါတယ်။
ငွေတွင်းရွာက ပြည်သူတွေမှာ နေ့စဥ်ဝင်ငွေမရှိကြတာများပေမယ့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက အိမ်ထောင်စုတိုင်းကို လစဥ်ဆက်ကြေးကောက်ခံတာတွေရှိတယ်လို့ ထွက်ပြေးလာသူ အဘွားက ဆက်ပြောပါတယ်။
ရွာထဲမှာ နေခဲ့ရစဉ်က ပြည်သူ့စစ်တွေက ငွေတွင်းရွာခံတွေကို အကြောင်းကိစ္စမရှိဘဲ အိမ်အပြင်ထွက်သွားလာခြင်း မလုပ်စေဖို့ လက်နက်နဲ့ ခြိမ်းခြောက်ထားတယ်လို့လည်း သိရပါတယ်။
စစ်ရှောင်လာတဲ့ ငွေတွင်းပြည်သူ ၃,၀၀၀ ခန့်အတွက် ဆန်၊ ဆီ၊ ရေ စတာတွေ ရေရှည်မှာ အကူအညီလိုအပ်လာမှာဖြစ်ပြီး အိမ်ထောင်စုတွေ နေထိုင်ဖို့ တဲ/ယာယီနေအိမ်တွေပါ ဆောက်လုပ်ပေးဖို့ စီစဉ်နေတယ်လို့ NDRF တာဝန်ရှိသူ ကိုတိုးကြီးက ပြောပါတယ်။
ငွေတွင်းကျေးရွာမှာ အရာတော်မြို့၊ စခတ ၁၀ တပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရွာခံပြည်သူ့စစ်တွေနဲ့ ပူးပေါင်းပြီး အခိုင်အမာစခန်းများပြုလုပ်ကာ တပ်စွဲထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
ငွေတွင်းအခြေစိုက် စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ရွာခံပြည်သူ့စစ်အဖွဲ့တွေရဲ့ ရမ်းကားဖိနှိပ်မှုတွေကြောင့် ရွာခံအရပ်သားပြည်သူတွေ တဖြည်းဖြည်းနဲ့ နေရပ်စွန့်ခွာ ထွက်ပြေးခိုလုံရင်း ငွေတွင်းရွာမှာ ပြည်သူ့စစ်အဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့ အိမ်ထောင်စုတွေပဲ အများဆုံးကျန်ခဲ့တော့တယ်လို့ NDRF က ကိုတိုးကြီးက ပြောပါတယ်။
တော်လှန်ရေးအင်အားစုတွေဘက်က စစ်ရေးအရှိန်မြှင့်သွားမှာဖြစ်ပြီး ငွေတွင်းကျေးရွာ အခြေစိုက် စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တွေကို ပိတ်ဆို့ဖြတ်တောက်မှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ သူက ပြောပါတယ်။
" လက်နက်မကိုင်ရင်တောင်မှ ကျနော်တို့နဲ့အတူ စိတ်ပိုင်းဆိုင်ရာ ပါဝင်တော်လှန်ပေးဖို့လည်း မေတ္တာရပ်ခံချင်ပါတယ်။ ငွေတွင်းရွာထဲမှာ ကျန်ခဲ့တဲ့ ပြည်သူတွေကိုလည်း ထွက်လာကြဖို့ ပြောကြားချင်ပါတယ်။ အနီတွေ၊ အစိမ်းတွေ ကွဲခဲ့တာက ဟိုးတချိန်ကလေဗျာ။ အခုတော့ အေးဆေးပွင့်လင်းနေပြီ။ အဲ့ဒါကြောင့် ကျန်ခဲ့တဲ့ငွေတွင်းပြည်သူတွေကို ထွက်လာဖို့ ပြောချင်ပါတယ်။" လို့ ကိုတိုးကြီးက ဖိတ်ခေါ်ပြောဆိုထားပါတယ်။
သတင်း - ငြိမ်းချမ်းမေ၊ စာတည်း - ဈာန်မြင့်
#မြေလတ်အသံ
#အရာတော် #ငွေတွင်းရွာ #ပြည်သူ #PDF #ခိုလှုံ
Share Share Share