သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းက ပျူစောထီးအင်အားကောင်းသလို နယ်မြေရဲစခန်းလည်းအခြေစိုက်ထားတဲ့ ဇီးပြားကျေးရွာက ဘုန်းကြီး ၄ ပါးနဲ့ မိသားစုဝင် လူ ၁၃ ဦး ခိုလှုံလာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ်ဆီက သိရပါတယ်။
ခိုလှုံလာသူတွေဟာ ဇီးပြားကျေးရွာအတွင်း အခြေခံစားကုန်တွေပြတ်လပ်လာတာနဲ့ စားသောက်ဖို့အတွက်လည်း စိုက်ပျိုးမရတာကြောင့် ဒီဇင်ဘာ ၃ ရက်မှာ ထွက်ပြေးလာကြတာဖြစ်ပြီး မြိုင်ပကဖက ခေါ်ယူစောင့်ရှောက်ထားတာလို့ ဆိုပါတယ်။
“ဆား၊ ဆီ၊ ဆန်တို့မရှိတော့ကျတော့ ရွာထဲမှာ လုံးဝမနေချင်ကြတော့တာ။ တချို့ကျလည်း စစ်** ရဲ**တွေက ရွာထဲကထွက်လို့ရှိရင် ပစ်သတ်မယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကလည်း ခင်ဗျားတို့ကိုတွေ့ရင် ပစ်သတ်မှာဆိုပြီး ခြိမ်းခြောက်ခံထားရလို့ သူတို့တွေမထွက်ရတာ။ အခုတော့ ထွက်ရတာအဆင်ပြေလို့ သူတို့အရဲစွန့်ပြီး ထွက်လာတာ။” လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် တာဝန်ရှိသူတဦးက ပြောပါတယ်။
ဇီးပြားကျေးရွာမှာရှိတဲ့ ရဲစခန်းနဲ့ပျူစောထီးစခန်းတွေကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဘက်က နေ့စဥ်ဒရုန်းတွေနဲ့ ဗုံးကြဲချတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေအပြင် ရွာအပြင်ပတ်လည်ကနေ ပိတ်ဆို့ထားတာကြောင့် ကျေးရွာအတွင်း အခြေခံစားကုန်တွေပြတ်လပ်နေပြီး ကိုယ်တိုင်စိုက်ပျိုးဖို့အတွက်လည်း လယ်ယာမြေတွေ မထွန်ယက်နိုင်တော့လို့ ထွက်ပြေးလာကြတာလို့ ဆိုပါတယ်။
ခိုလှုံလာသူတွေဟာ ဘုန်းကြီး ၄ ပါး၊ အသက် ၃၀ မှာ ၅၀ အကြားရှိ မိသားစု ၄ စုစာ အမျိုးသား ၇ ဦး၊ အမျိုးသမီး ၆ ဦးနဲ့ ကလေးတချို့ပါဝင်ပြီး ၎င်းတို့ကို လုံခြုံတဲ့နေရာမှာ ကောင်းမွန်စွာကျွေးမွေးစောင့်ရှောက်ထားကာ ဖုန်းအသုံးပြုတာနဲ့ နီးစပ်ရာဆွေမျိုးတွေကို ဆက်သွယ်တာတွေကိုတော့ ခွင့်မပြုထားဘူးလို့ ဆိုပါတယ်။
ဇီးပြားကျေးရွာဟာ အိမ်ခြေ ၆၀၀ ခန့်၊ လူဦးရေ ၁,၀၀၀ ကျော်ရှိ ရွာကြီးဖြစ်ပြီး စစ်သား၊ ရဲနဲ့ ပျူစောထီးအင်အား ၁၀၀ ဝန်းကျင်ခန့် တပ်စွဲထားကာ ကျေးရွာအတွင်း ပြည်သူ ၅၀၀ ခန့် ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။
စာတည်း - ဟိန်းစံ
#မြေလတ်အသံ
#မကွေး #ပေါက် #ဇီးပြား #ပျူစောထီး #ထွက်ပြေး
Share Share Share