ပျူစောထီးဖွဲ့ဖို့လုပ်နေသူ ၂ ဦး ပစ်သတ်ခံရ၊ ဒလန်ဆိုသူ ၁ ဦးကိုလည်း နတ်မောက် PDF ဖမ်းဆီးစစ်ဆေးနေ

ပျူစောထီးဖွဲ့ဖို့လုပ်နေသူ ၂ ဦး ပစ်သတ်ခံရ၊ ဒလန်ဆိုသူ ၁ ဦးကိုလည်း နတ်မောက် PDF ဖမ်းဆီးစစ်ဆေးနေ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ကျောက်တန်းကျေးရွာက ပျူစောထီးဖွဲ့ဖို့ဦးဆောင်နေသူ စစ်ကောင်စီသတင်းပေး ၂ ဦး သူတို့ရဲ့နေအိမ်မှာ သေနတ်နဲ့ပစ်ခံရလို့ သေဆုံးခဲ့ပါတယ်။

အောက်တိုဘာ ၁၉ ရက် မနက် ၁ နာရီခန့်မှာ အသက် ၅၀ ကျော်အရွယ်တွေဖြစ်တဲ့ ဦးတင်ထွန်းနဲ့ ဦးကံအောင်တို့ ၂ ဦးကို သူတို့နေအိမ်မှာပဲ သေနတ်နဲ့ပစ်ခတ်ခဲ့တာလို့ နတ်မောက်ဂဠုန် PDF အဖွဲ့ တာဝန်ခံက ပြောပါတယ်။

"အိမ်တွေကို ဝိုင်းပြီးပိတ်ပြီးမှ ၁ ယောက်ကို ၃ ချက်စီပစ်ခဲ့တယ်။ ရင်ဘတ်တွေခေါင်းတွေကို။ ကိုတင်ထွန်းဆိုသူက ဓားနဲ့ဆွဲလာပြီး ဆဲဆိုတာတွေရှိတယ်။ "လို့ နတ်မောက်ဂဠုန် PDF အဖွဲ့တာဝန်ခံ ဗိုလ်အောင်ဒင်က ပြောပါတယ်။

သေနတ်နဲ့ အနီးကပ်ပစ်ခတ်ခဲ့လို့ ဦးတင်ထွန်းနဲ့ ဦးကံအောင်တို့ ၂ ဦးမှာ ဦးခေါင်းနဲ့ ရင်ဘတ်တွေမှာ ကျည်ထိဒဏ်ရာတွေနဲ့ သေဆုံးသွားပါတယ်။

အသတ်ခံရတဲ့  ဦးတင်ထွန်းနဲ့ ဦးကံအောင်တို့ ၂ ဦးဟာ ကျောက်တန်းကျေးရွာက ရပ်ကျေးကြံ့ခိုင်ရေးပါတီဝင် ၂ ဦးဖြစ်ပြီး PDF တွေဘက်က ဒလန်လို့စွပ်စွဲကာ နေအိမ်တွေမှာလာရောက်သတ်ဖြတ်သွားတာလို့ စစ်ကောင်စီထောက်ခံတယ်လီရမ်တွေမှာ ရေးသားဖော်ပြထားကြပါတယ်။

နတ်မောက် PDF ကတော့ ဦးတင်ထွန်းနဲ့ ဦးကံအောင်ဟာ ကျောက်တန်းကျေးရွာမှာ ပျူစောထီးအဖွဲ့ ဖွဲ့ဖို့အတွက် ဦးဆောင်နေသူတွေဖြစ်သလို စိုင်ခေါင်းကျေးရွာက ပျူစောထီးခေါင်းဆောင် ခင်မောင်ဌေးဆီမှာ လက်နက်အဖြုတ်အတပ်သင်တန်းတက်ဖူးသူ၊ စိုင်ခေါင်းရဲစခန်းထဲ အဝင်အထွက်ရှိပြီး သတင်းပေးနေသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

သူတို့ ၂ ဦးက စစ်ကောင်စီသတင်းပေး ပျူစောထီးဖွဲ့ဖို့လုပ်နေသူတွေဖြစ်တယ်ဆိုတာကို ဒေသခံတွေရဲ့သတင်းပေးချက်အရရော တော်လှန်ရေးအဖွဲ့ဝင်တွေရဲ့စုံစမ်းသိရှိထားချက်တွေအရပါ   အတည်ပြုခဲ့ပြီးမှ ရှင်းလင်းလိုက်တာလို့ တာဝန်ခံဗိုလ်အောင်ဒင်က ပြောပါတယ်။

ပစ်ခတ်မှုအပြီးမှာ ဦးတင်ထွန်းကိုင်ဆောင်တဲ့ ဓား ၁ လက်နဲ့ စစ်ကောင်စီဂိတ်တွေကို ဖြတ်သန်းသွားလာခွင့်ကဒ်တွေကို သိမ်းဆည်းရမိခဲ့ပြီး လက်နက်တွေသိမ်းဆည်းရမိတာမျိူးတော့ မရှိဘူးလို့ ဆိုပါတယ်။

အဲဒီပစ်ခတ်မှုကို နတ်မောက်ဂဠုန် PDF၊ နေပြည်တော် ၉၀၂ တပ်ရင်း၊ နတ်မောက်ပကဖ၊ ငပြေမအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

အောက်တိုဘာ ၁၅ ရက် ညပိုင်းမှာ လျော်ချောင်းလေးကျေးရွာက စစ်ကောင်စီသတင်းပေးလို့ယူဆရတဲ့ အလယ်တန်းပြဆရာ ဦးဝင်းဦးကို နေအိမ်ကနေဖမ်းဆီးသွားပြီး အောက်တိုဘာ ၂၂ ရက် ဒီနေ့အထိ စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

သူ့ကိုတော့ စစ်ဆေးပေါ်ပေါက်ချက်အပေါ်မူတည်ပြီး အပြစ်ပေးအရေးယူဖို့ လုပ်ဆောင်သွားမယ်လို့လည်း နတ်မောက်ဂဠုန်အဖွဲ့ဆီက သိရပါတယ်။

အောက်တိုဘာ ၁ ရက် ညပိုင်းမှာလည်း နတ်မောက်မြို့နယ်၊ ဂွေးကုန်းကျေးရွာမှာ စစ်ကောင်စီ သတင်းပေးအမျိုးသမီးကို ဖမ်းဆီးဖို့သွားချိန် ထွက်ပြေးလို့ တော်လှန်ရေးအဖွဲ့တွေဘက်ကပစ်ခတ်ရှင်းလင်းခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - ဈာန်မြင့်

#မြေလတ်အသံ

#မကွေး #နတ်မောက် #ပျူစောထီး #ပစ်သတ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10