ပျူစောထီးရွာကို စီးနင်းချိန် သေနတ် ၃ လက်ရရှိကာ ပျူ ၉ ဦးကိုပါ ရှင်းလင်းနိုင်ခဲ့ဟုဆို

ပျူစောထီးရွာကို စီးနင်းချိန် သေနတ် ၃ လက်ရရှိကာ ပျူ ၉ ဦးကိုပါ ရှင်းလင်းနိုင်ခဲ့ဟုဆို

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ညောင်ပင်လှကျေးရွာပျူစခန်းကို ကာကွယ်ရေးအဖွဲ့တွေက ဝင်ရောက်စီးနင်းခဲ့ပြီး လက်နက်ကိုင်ပျူစောထီး ၉ ဦးသေဆုံးကာ လက်နက်တချို့ရခဲ့တယ်လို့ မြို့နယ်ပကဖ တာဝန်ရှိသူကတဆင့် သိရပါတယ်။

ဇူလိုင် ၂၃  ရက် ဒီနေ့ မနက်အစောပိုင်း ၃နာရီက စစ်ကောင်စီနဲ့ ပျူစောထီးအင်အား ၃၀ ခန့်ရှိတဲ့ စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲကြာချိန် ၂၀ မိနစ်ခန့်ရှိခဲ့ကာ စစ်အုပ်စုဘက်က ကင်းတဲတခုကလွဲပြီး အကုန်သိမ်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“ကပ်လျက်ပျူရွာက ကူပစ်ပေးနေတော့ ကင်းတကင်းတော့ကျန်ခဲ့တယ်၊ အပြည့်အဝမသိမ်းနိုင်ခဲ့ဘူး။ ကျန်တဲ့ဟာ အကုန်သိမ်းနိုင်ခဲ့တယ်။ အဲ့မှာက လက်နက်ကိုင်ထားတဲ့ ပျူ ၂၀လောက်ရှိတယ်၊ တိုက်ပွဲဖြစ်တော့ သူတို့က ပစ်ပြေး ပြေးသွားတာ။ ဘေးကပျူရွာတခုနဲ့လည်း တအားကပ်နေတော့ ရှင်းစရာရှိတာရှင်းပြီး ပြန်ထွက်ခဲ့ကြတယ်”လို့ ရွှေဘိုမြို့နယ်ပကဖတာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။

တိုက်ပွဲအတွင်း ပျူစောထီး ၉ ဦး သေဆုံးကာ  ကာဘိုင် ၂ လက်၊ ကိုးလုံးဆီမီးရိုင်ဖယ် ၁လက်၊ ကာဘိုင်ကျည် ၂၀၉ တောင့်၊ ကိုးလုံးကျည် ၂၅တောင့်၊ ကျည်ဘောက် ၁ခု၊  အီကွေ့မန့် ၇ ခု၊ Huawei ဖုန်း ၁လုံး သိမ်း ဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးအရေအတွက်ကိုတော့ ဝင်ရောက်စီးနင်းစဉ် ရဲဘော်တွေက အတည်ပြုနိုင်ခဲ့ပြီး ကျန်ရှိတပ်သားတွေကတော့ ရွာချင်းကပ်လျက်က ညောင်ကိုင်းပျူရွာကိုထွက်ပြေးသွားတဲ့အတွက် ဒဏ်ရာရအရေ အတွက်ကတော့ မသိရဘူးလို့ သူကပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ရွှေဘိုမြို့နယ် ပကဖ(PDO)၊ Shwebo Justice Force၊ ရွှေတောသား၊ ကျားပျံ၊ ရွှေဘိုမြို့နယ်တိုက်နယ် ၃ ပကဖ၊ ဒီပဲယင်းမြို့နယ်ပကဖ၊ ဂဠုန်မင်း၊ စံရှား၊ ဒေါင်းမင်း၊ သရဲကြီး၊ မတထောင်တကောင်ဘွား စတဲ့အဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၀ရက်နေ့ကလည်း ဆင်အင်းရွာကထွက်လာတဲ့ ပျူစောထီး ၄ ဦးကို ရွှေဘိုခရိုင်တပ်ရင်း ၄ နဲ့ ဆင်အင်းရွာပကဖတို့ ပူးပေါင်းတိုက်ခိုက်ခဲ့လို့ ၄ ဦး သေဆုံးကာ ကာဘိုင် ၃ လက်၊ AK-47 ၁ လက်၊ ကျည် ၂၉၆  တောင့်၊ လက်ပစ်ဗုံး ၃ လုံးနဲ့ ကျည်ဘောက် ၄ ခု သိမ်းဆည်းနိုင်ခဲ့ပါသေးတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#စစ်ကိုင်း #ရွှေဘို #ပျူစောထီး #စီးနင်းခံရ #သေဆုံးမှု #PDF #လက်နက်ခဲယမ်း #သိမ်းဆည်းရမိ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10