ပျူစောထီးရွာတိုက်ခိုက်ခံနေရလို့ စစ်ကူထွက်လာတဲ့ကား မိုင်းဆွဲခံရပြီး ၄ ဦးသေဆုံး

ပျူစောထီးရွာတိုက်ခိုက်ခံနေရလို့ စစ်ကူထွက်လာတဲ့ကား မိုင်းဆွဲခံရပြီး ၄ ဦးသေဆုံး

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ထဲက ပျူစောထီးရွာတရွာဖြစ်တဲ့ ဆုံကျေးရွာကို ကာကွယ်ရေးအဖွဲ့တွေကတိုက်ခိုက်နေချိန် ပျူတွေဘက်ကို စစ်ကူပေးဖို့ထွက်လာတဲ့စစ်ကောင်စီကားတစီး မိုင်းဆွဲခံခဲ့ရတယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၂၇ ရက်မနေ့ကမနက်အစောပိုင်း ၂ နာရီလောက်က နဘူးအိုင်ရွာကနေ စစ်ကူထွက်လာတဲ့ကားကို ဆီမီးခုံ-နဘူးအိုင် လမ်းပိုင်းတနေရာမှာ ကြားဖြတ်ပြီး ပဒေသာမိုင်း ၅ လုံးဆွဲတိုက်ခိုက်ခဲ့တာလို့ နောင်ရိုးအထူးပြောက်ကျားတပ်ရဲ့ ရဲဘော်တဦးက ပြောပါတယ်။

“နဘူးအိုင်ကနေ မှန်လုံကားသေးတစီး စစ်ကူထွက်လာတာ၊ စစ်သားတွေတပ်ကူလာမယ့်လမ်းမှာ ကြိုတင်ပြင်ဆင်ပြီး မိုင်းဆင်ထားတာပါ၊ နဘူးအိုင်နဲ့ပျူရွာ (ဆုံရွာ)က ဆိုင်ကယ်နဲ့ဆို မိနစ်၂၀လောက်ပဲဝေးတာ။ မိုင်းဆွဲခံရတဲ့ကားကတော့ နဘူးအိုင်ကို ကြိုးနဲ့ဆွဲပြီးပြန်သွားရတယ်”လို့ ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးကာ ကားပျက်စီးခဲ့ပြီး၊ သေဆုံးအလောင်းတွေနဲ့ကားကို နဘူးအိုင်ရွာထဲကိုပဲ ပြန်သယ်သွားတယ်လို့ တပ်တွင်းသတင်းပေးတွေရဲ့ပြန်ပြောချက်အရ အတည်ပြုထားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုကို နယ်မြေခံအဖွဲ့တွေဖြစ်တဲ့ မြင်းခြံခရိုင်တပ်ရင်း အမှတ် ၆၊ တပ်ခွဲ-၁ နောင်ရိုးအထူးပြောက်ကျားတပ် NYSGFနဲ့အတူ မြင်းခြံခရိုင် တပ်ရင်းအမှတ်-၁ 27 revolution forceတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် မနေ့ကမနက် ဆုံရွာတိုက်ခိုက်မှုမှာတော့ အဲ့ဒီရွာက ပျူစောထီး ၃ ဦးသေဆုံးခဲ့ပြီး ၁၀ ဦးထပ်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10