ပျူစောထီးအဖွဲ့က ဝိုင်းရိုက်လို့ ရွာသား ၂ ဦး ဆေးရုံတင်လိုက်ရ

ပျူစောထီးအဖွဲ့က ဝိုင်းရိုက်လို့ ရွာသား ၂ ဦး ဆေးရုံတင်လိုက်ရ

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ တနော်ကျွန်းကျေးရွာမှာ ပျူစောထီးအဖွဲ့က ဝိုင်းရိုက်ခဲ့တာကြောင့် ကျေးရွာပြည်သူ ၂ ဦး ဆေးရုံတင်ထားရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဧပြီ ၂ ရက် ည ၉ နာရီကျော်ခန့်မှာ တနော်ကျွန်းရွာသားတွေဖြစ်တဲ့ အသက် ၃၀ အရွယ် ကိုကျော်ဇင်မျိုးနဲ့ ကိုသန်းအေးတို့ ၂ ဦးဟာ ငါးရှာဖို့ ရွာပြင်ကိုထွက်လာချိန် အဲဒီကျေးရွာက ကင်းလှည့်နေတဲ့ ပျူစောထီးအဖွဲ့နဲ့တိုးပြီး ရိုက်နှက်ခံရတာဖြစ်တယ်လို့ ဆိုပါတယ်။

"ရွာသားတွေကလည်း ရွာပြင်သွားတာ ကင်းလှည့်နေတဲ့ ပျူစောထီးအဖွဲ့နဲ့တိုးပြီး စစ်ဆေးမေးမြန်းရာကနေ ရိုက်နှက်ခံရတာ။ ဒဏ်ရာတွေရကုန်လို့ ဆေးရုံတင်ထားရတယ်။ ဒီနေ့ထိ ပြန်မဆင်းလာရသေးဘူး" လို့ ဒေသခံတဦးကပြောပါတယ်။

ပျူစောထီးအဖွဲ့တွေရိုက်နှက်လို့ ရွာသား ၂ ဦးမှာ နံရိုးကျိုးသွားသလို ဦးခေါင်းနဲ့ လက်တွေမှာလည်း ဒဏ်ရာတွေရသွားတယ်လို့ သိရပါတယ်။ 

ဒဏ်ရာရသူ ၂ ဦးကိုတော့ ဝေါဆေးရုံကိုပို့ဆောင်ခဲ့ရပြီး အဲဒီကမှတဆင့် ပဲခူးဆေးရုံကို ထပ်မံတင်ပို့ထားရပါတယ်။

အဆိုပါရိုက်နှက်မှုကို တနော်ကျွန်းကျေးရွာက ပျူစောထီးအဖွဲ့ဝင်တွေဖြစ်တဲ့ ကျော်စွာဝင်း၊ စံကြီး၊ နိုင်ဝေလင်း၊ ဟလွဲတို့အပါအဝင် ပျူစောထီး ၉ ဦးက ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

တနော်ကျွန်းကျေးရွာ ပျူစောထီးအဖွဲ့ဟာ အင်အား ၂၀ ခန့်ရှိပြီး ပျူစောထီးအဖွဲ့ဝင်အားလုံး လက်နက်ကိုင်ဆောင်ထားတာကြောင့် လက်နက်အားကိုးနဲ့ ဒေသခံတွေအပေါ် အနိုင်ကျင့်တာဖြစ်တယ်လို့ ဆိုပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #ဝေါမြို့နယ် #တနော်ကျွန်း #ပျူစောထီး #ပြည်သူ #ရိုက်နှက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10