ပျူစောထီးအဖွဲ့ကိုဝင်ဖမ်းရာ ပစ်ခတ်မှုဖြစ်ပြီး နှစ်ဖက်သေဆုံးမှုရှိ

ပျူစောထီးအဖွဲ့ကိုဝင်ဖမ်းရာ ပစ်ခတ်မှုဖြစ်ပြီး နှစ်ဖက်သေဆုံးမှုရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ကျီကုန်းရွာက ပျူစောထီးခေါင်းဆောင်အိမ်ကို ဒေသခံကာကွယ်ရေးတပ်တွေကဝင်ဖမ်းရာ ပြန်လည်တိုက်ခိုက်တာကြောင့် ပစ်ခတ်မှုဖြစ်ပြီး နှစ်ဖက်သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။

မေလ ၁၇ ရက် မနေ့ကမနက် ၃ နာရီခန့်မှာ အသက် ၅၀ နှစ်အရွယ် ကျီကုန်းရွာအုပ်ချုပ်ရေးမှူးလည်းဖြစ် ပျူခေါင်းဆောင်လည်းဖြစ်သူ ကိုမြင့်နိုင်ရဲ့ နေအိမ်ကိုဝင်စီးချိန် ပစ်ခတ်မှုဖြစ်ရာက သေဆုံးခဲ့ကြတာပါ။


"သတင်းအရ ပျူတွေရှိနေတယ်လို့ သိရလို့ ဝင်စီးတာ။ ပျူခေါင်းဆောင်မြင့်နိုင်နဲ့ သူ့မိသားစုတွေပဲ ရှိတယ်ထင်တယ်။ ညမှောင်နေတာဆိုတော့။ သူသားကလည်း ပျူသင်တန်းတက်ထားသူဖြစ်တယ်။ အိမ်ဝင်စီးတော့ အပြန်အလှန်ပစ်ခတ်မှုဖြစ်တယ်။ သူတို့ စိုးမိုးနယ်မြေဖြစ်လို့ ကာကွယ်ရေး အဖွဲ့တွေဘက်က မြန်မြန်ပစ် မြန်မြန်ပြန်ဆုတ်လာရတယ်" လို့ ကျွန်းလှ - ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်)မှ တာဝန်ရှိသူက ပြောပါတယ်။

ပစ်ခတ်မှုကြောင့် ကိုမြင့်နိုင်အပါအဝင် ဇနီးဖြစ်သူ ၄၅ နှစ်နဲ့ သားဖြစ်သူ ၁၆ နှစ်တို့ သေဆုံးခဲ့ပြီး၊ ကျွန်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တဦးလည်း သေဆုံးခဲ့တယ်လို့ အထက်ပါတာဝန်ရှိသူက အတည်ပြုဖြေဆိုထားပါတယ်။

ကိုမြင့်နိုင်ကို စစ်ကောင်စီကလက်နက်ပေးထားတဲ့အပြင် သူဟာ ကျေးရွာအတွင်းမှာလည်း လက်နက်အားကိုးနဲ့ ရွာသားတွေကို ခြိမ်းခြောက်ပြီး အဓမ္မကင်းစောင့်ခိုင်းတာတွေနဲ့ ငွေညစ်တာတွေကိုပါ ပေါ်ပေါ်တင်တင်လုပ်ဆောင်နေတယ်လို့ စုံစမ်းသိရှိရတာကြောင့် ခုလိုဝင်ရောက် စီးနင်းခဲ့ရတာလို့ ဆိုပါတယ်။

ကန့်ဘလူခရိုင်တပ်ရင်း - ၁ နဲ့ ကျွန်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ ပစ်ခတ်မှု မိနစ် ၂၀ လောက်ဖြစ်ခဲ့ပြီးနောက် သေနတ် ၃ လက်ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

မေလ ၁၄ ရက်ကလည်း ကျွန်းလှမြို့နယ်၊ ရွှေတောင်ကျေးရွာက ပျူစောထီးအဖွဲ့ကို ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေက ဝင်ရောက်ရှင်းလင်းချိန် ပျူခေါင်းဆောင်နဲ့ ဇနီးဖြစ်သူအပါအဝင် အဖွဲ့ဝင် ၆ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်း
#မြေလတ်အသံ
#စစ်ကိုင်း #ကျွန်းလှ #ပျူစောထီး #ပစ်ခတ်မှု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10