ပျူနဲ့စစ်သားတွေ ဝေဟင်ရောမြေပြင်ကပါတိုက်ခိုက်ခံရလို့ စစ်သား ၁ ဦးသေ (ရုပ်/သံ)

မကွေးတိုင်း၊ ပွင့်ဖြူမြို့၊ ဆင်လူးကျေးရွာမှာ အထိုင်ချနေတဲ့ စစ်သားနဲ့ ပျူစောထီးတွေကို နိုဝင်ဘာ ၁၈ ရက် နေ့လယ် ၁ နာရီကနေ ၁ နာရီခွဲအထိ မြေပြင်ကတိုက်ခိုက်တဲ့အပြင် ဝေဟင်ကပါ ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် ၄ တပ်ရင်း တာဝန်ခံဆီက သိရပါတယ်။

ဆင်လူးရွာအတွင်းက ရွာခံပျူစောထီးအင်အား ၁၀၀ ခန့်နဲ့ ရွာမှာလာတပ်စွဲနေတဲ့ ပွင့်ဖြူဝါတပ်က စစ်သားအင်အား ၂၀ ခန့်ကို မြေပြင်ကတိုက်ခိုက်ခဲ့တဲ့အပြင် ဒရုန်းနဲ့ ဗုံးသီး ၃ လုံးကြဲချခဲ့ရာ စစ်သား ၁ ဦးသေပြီး ပျူစောထီး ၁ ဦး ဆေးရုံတင်ထားရတယ်လို့ မင်းဘူးခရိုင် အမှတ် ၄ တပ်ရင်း တာဝန်ခံက ပြောပါတယ်။

တိုက်ခိုက်ပြီးနောက်ပိုင်းမှာ ကံပြားရဲစခန်းကနေ Canter ကား ၁ စီး၊ ဆိုင်ကယ် ၁၀ စီးနဲ့ စစ်ကူရောက်လာပြီး အင်အားထပ်မံဖြည့်တင်းထားတယ်လို့ သူကဆက်ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို မင်းဘူးခရိုင် အမှတ် ၄ တပ်ရင်းနဲ့ မကွေးတိုင်း ပကဖ ဒရုန်းလက်ရုန်းတပ်ဖွဲ့ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဆင်လူးရွာကို အာဏာသိမ်းပြီး ၆ လခန့်အကြာမှာ စစ်ကောင်စီကတပ်စွဲကာ ပျူစောထီးသင်တန်းပေးရာကနေ ပျူစောထီးအားကောင်းတဲ့ကျေးရွာ ဖြစ်လာတာလို့ ဆိုပါတယ်။

အဲဒီပျူစောထီးတွေဟာ ဆင်လူးရွာကနေ ၁၀ မိုင်ကျော်ဝေးတဲ့ ကံပြားရွာက စစ်ဆေးရေးဂိတ်ကိုသွားပြီး စစ်သားတွေအစား ဂိတ်စောင့်ပေးတာလုပ်တဲ့အပြင် စလင်း ခလရ ၂၅၃ ၊ ခလရ ၂၅၄ ၊ ခလရ ၂၅၅ နဲ့ ပွင့်ဖြူဝါတပ်တွေနဲ့အတူ စစ်ကြောင်းထိုးရာမှာ လိုက်ပါလေ့ရှိတယ်လို့လည်း သိရပါတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#မကွေး #ပွင့်ဖြူ #ဆင်လူး #ပျူစောထီး #တိုက်ပွဲ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10