ပျူဘုန်းကြီး ဝါသဝ လက်အောက်ပျူစခန်း တိုက်ခိုက်ခံရပြီး ၁၀ ဦးထက်မနည်းသေလို့ လေကြောင်းပစ်ကူနဲ့တိုက်ခိုက်

ပျူဘုန်းကြီး ဝါသဝ လက်အောက်ပျူစခန်း တိုက်ခိုက်ခံရပြီး ၁၀ ဦးထက်မနည်းသေလို့ လေကြောင်းပစ်ကူနဲ့တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ချပ်သင်းပျူစောထီးစခန်းကို ဇွန်လ ၂ ရက်နေ့ မနေ့ မနက် ၅နာရီအချိန်ခန့်မှာ နယ်မြေခံကာကွယ်ရေးအဖွဲ့တွေ သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးမှုများတဲ့အတွက် လေကြောင်းနဲ့ပစ်ခတ်တာတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ချပ်သင်းပျူစောထီးစခန်းဟာ ကန့်ဘလူနယ်၊ ပျူစောထီးခေါင်းဆောင် ဘုန်းကြီး ဦးဝါသဝ (၅၅၀ ဆရာတော်ဟုနာမည်ကြီးသူ) လက်အောက် အင်အား ၁၀၀ ဝန်းကျင်ရှိ ပျူစောထီးစခန်းဖြစ်ပြီး အဲ့ဒီစခန်းကို မနက်အစော ၅ နာရီကနေ ည  ၇ နာရီအထိ ယမန်နေ့တနေကုန်နီးပါး တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအတွင်း ပျူစောထီး ၁၀ ဦးထက်မနည်းသေဆုံးတယ်လို့ ဆိုပါတယ်။

“စစ်ကောင်စီဘက်သေဆုံးက ၁၀ ယောက်ကျော်တော့ မျက်မြင်ကိုယ်တွေ့ရှိခဲ့တယ်။ တကယ်ဆို တိုက်ပွဲက ဒီနေ့အထိဆက်ဖို့ လေကြောင်းတိုက်ခိုက်မှုရှိလို့ ပြန်လှည့်ခဲ့ရတာ။ မနက်တပိုင်းထဲမှာတင် လေယာဉ် ၂ စီးနဲ့ဗုံးလာကြဲတယ် " လို့ ကန့်ဘလူခရိုင် တပ်ရင်း-၂ တပ်ဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

စစ်ကောင်စီလက်အောက်ပျူစောထီးတွေ ထိခိုက်သေဆုံးမှုများပြားလို့ လေကြောင်းပစ်ကူနဲ့တိုက်ခိုက်ခဲ့ပြီး ယမန်နေ့မနက် ၇ နာရီခန့်မှာ ဂျက်ဖိုက်တာ ၂ စီးပျံသန်းကာ ပေါင် ၁၀၀ ဗုံး ၄ လုံး ပစ်ချတိုက် ခိုက်ခဲ့တဲ့အပြင် ပွိုင့်ဖိုက်(Point 5)စက်လက်တွေနဲ့ပစ်ခတ်သွားခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက် ပျူစောထီးဘက်က ၁၀ ဦးကျော်သေဆုံးတာ မျက်မြင်အတည်ပြုနိုင်ခဲ့သလို ကာကွယ်ရေးရဲဘော်တွေဘက်ကလည်း ထိခိုက်ဒဏ်ရာရတာတွေရှိတယ်လို့ သူက ပြောပါတယ်။

စစ်တပ်ထောက်ခံတဲ့ တယ်လီဂရန်ချန်နယ်တွေမှာလည်း ချပ်သင်းရွာပျူစခန်း တိုက်ခိုက်ခံရပြီး အထိနာနေတဲ့အတွက် စစ်ကူပို့ပေးဖို့တောင်းဆိုဖော်ပြထားပြီး ပျူဘုန်းကြီး ဦးဝါသဝကလည်း ချပ်သင်းရွာကို ပစ်ကူ၊စစ်ကူပေးဖို့  တိုက်ပွဲအတွင်း ရဲတပ်ဖွဲ့ဝင်အချို့နဲ့ ပြည်သူ့စစ်အဖွဲ့ဝင်အချို့ ကျည်ထိမှန်ဒဏ်ရာရထားကြောင်း မိန့်ကြားတောင်းဆိုတယ်လို့လည်း ဖော်ပြပါတယ်။

အဆိုပါတိုက်ပွဲကို ကန့်ဘလူခရိုင်တပ်ရင်း ၂နဲ့နယ်မြေခံကာကွယ်ရေးအဖွဲ့တွေပူးပေါင်းကာ ပိတ်ဆို့တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

ပျူဘုန်းကြီး ဦးဝါသဝဟာ ချပ်သင်းတိုက်နယ်မှာရှိတဲ့ ရွာသားတွေကို မိသားစုနဲ့ချိန်းခြောက်ကာ ပျူစောထီးအဖွဲ့အတွင်း ဖိအားပေးဝင်ရောက်စစ်သင်တန်းတက်ခိုင်းတာတွေလုပ်ဆောင်လေ့ရှိပြီး ပျူစောထီးတွေကို လစာအနေနဲ့တလ ကျပ် ၁ သိန်းပေးကာ စည်းရုံးသိမ်းသွင်းထားတဲ့အတွက် ကန့်ဘလူနယ်အတွင်းက ကျေးရွာတချို့မှာ ပျူစောထီးအင်အားများနေတာဖြစ်တယ်လို့လည်း သိရပါတယ်။

လက်ရှိမှာ ချပ်သင်းပျူစောထီးစခန်းအတွက် မြေပြင်စစ်ကူစစ်ကြောင်းအဖြစ် ကန့်ဘလူတောင်ဘက်နဲ့ မြောက်ဘက်ကနေစစ်ကြောင်းတွေပို့ပေးခဲ့ပြီး ချပ်ကြီးပျူစခန်းကနေလည်း အင်အား ၁၂၀ပါတဲ့ စစ်ကြောင်းတကြောင်းလည်း ထွက်လာနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂ရက်နေ့ကလည်း ကန့်ဘလူမြို့နယ်၊ချပ်ကြီးပျူစခန်း ဝင်ရောက်တိုက်ခိုက်ခံရလို့ ပျူစောထီး ၄၀ ကျော်သေဆုံးခဲ့ပြီး သေနတ် ၁၅ လက်နက်လည်း သိမ်းဆည်းနိုင်ခဲ့ပါသေးတယ်။

 ပုံစာ - ကန့်ဘလူနယ် ပျူစောထီးခေါင်းဆောင် ဦးဝါသဝ မှ ပျူစောထီးအဖွဲ့ဝင်တွေကို စစ်သင်တန်းပေး၊မိန့်ခွန်းပြောကြားနေစဉ်။

စာတည်း-ရင်ငြိမ်း

#မြေလတ်အသံ

#ကန့်ဘလူ #ချပ်သင်း #ပျူစောထီးစခန်း #တိုက်ခိုက်ခံရ #သေဆုံးမှုများ #လေကြောင်းပစ်ကူ #ဦးဝါသဝ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10