ပျူရွာတွေ စုပေါင်း စျေးဝယ်ထွက်စဥ် မိုင်းနင်းမိလို့ ၁ ဦးသေ ၄ ဦးဒဏ်ရာရ

ပျူရွာတွေ စုပေါင်း စျေးဝယ်ထွက်စဥ် မိုင်းနင်းမိလို့ ၁ ဦးသေ ၄ ဦးဒဏ်ရာရ

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းက ပျူစောထီးကြီးစိုးတဲ့ ရွာတွေ ပေါင်းပြီး ဈေးထွက်ဝယ်ချိန် မိုင်းနင်းမိတာကြောင့် ၁ ဦးသေပြီး ၄ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဇွန်လ ၁ရက် မနက် ၉နာရီ ဝန်းကျင်လောက်မှာ ပျူရွာ ၅ရွာလောက်က ပျူစောထီးတွေ ရိက္ခာအတွက် ပေါက်မြို့ပေါ် ဈေးထွက်ဝယ်ချိန် ပေါက် -သီးချောက်လမ်းမှာ မိုင်းနင်းမိတာဖြစ်တယ်လို့ ပေါက်တောင်ပိုင်း ကျီးကန်း ပကဖ အဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

မိုင်းနင်းမိလို့ ပေါက်ကွဲထားတဲ့ ပေါက်- သီးချောက် လမ်းဘေးတနေရာ

 "ဒီကောင်တွေ ရိက္ခာပြတ်လို့ ဈေးဝယ်ထွက်တာ။ အရင်ရက်ကမိုင်းတွေ ရှင်းသေးတယ်၊ ရှင်းပြီဆိုမှ ထွက်ကြတာ။ အဲ့နေ့က ပျူစောထီး ခေါင်းဆောင်အပါ သေနတ်ကိုင်ထားတဲ့ အဖွဲ့ နင်းမိတာ။ အထိအခိုက်များလို့ ဈေးထွက်မဝယ်ဘဲ ရပ်လိုက်ရတယ်။" လို့ ‌‌ဗိုလ်ကျီးကန်းက ပြောပါတယ်။

မိုင်းနင်းမိသူတွေဟာ ပင်တောင်ရွာနဲ့ သစ်ချိုကုန်းရွာက ပျူစောထီးတွေဖြစ်ပြီး ၁ ဦးကတော့ သွေးထွက်လွန် သေဆုံးခဲ့ကာ ၄ ဦးကတော့ အပြင်းအထန်ဒဏ်ရာရသွားတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၃၁ ရက်မှာ ပေါက် - သီးချောက်လမ်းပိုင်းကို စစ်သားတွေက ထွန်စက်ကားနဲ့ထိုးပြီး မိုင်းရှင်းသလို နွားနဲ့ ဆိတ်အုတ်ကြီးတွေလည်း လွှတ်ပြီး မိုင်းရှင်းခဲ့တာကြောင့် ဆိတ် ၁၅ကောင်ဝန်းကျင် သေဆုံးခဲ့သေးတယ်လို့ ပြောပါတယ်။

ဆိတ်နဲ့ နွားတွေကို လွှတ်ပြီး မိုင်းရှင်းထားလို့ သေဆုံးနေတဲ့ ဆိတ်အချို့

 အဲ့ဒီလိုရှင်းပြီး နောက်ရက် ပေါက်မြို့နယ်တောင်‌ပိုင်းက ပျူကြီးစိုးရွာတွေဖြစ်တဲ့  တပ်ကုန်း၊ ရွာသစ်၊ ပင်တောင်၊ ဝန်ခြုံး၊ သစ်ချိုကုန်း စတဲ့ရွာက ပျူစောထီး ၁၀၀ကျော် စုပေါင်းပြီး ပေါက်မြို့ကို ဈေးဝယ်ထွက်လာခဲ့ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

"လက်နက်ကိုင်တဲ့သူတွေက ထိပ်ဆုံးက ခြေလျင်လျှောက်သွားကြတာ။ နောက်မှာ ဆိုင်ကယ်တွေနဲ့ သူတို့ဝယ်မယ့် ဈေးခြင်းတွေ၊ အထုတ်အပိုးတွေနဲ့ နောက်ကျလိုက်ကြတာ။ လက်နက်ကိုင်တဲ့သူတွေ ရှင်းပြီးသားနောက်က လိုက်ကြတာ" လို့ ဆိုပါတယ်။

ဈေးဝယ်ထွက်ဖို့အတွက် ပေါက်မြို့ပေါ်က စစ်ကြောင်းကို ခေါ်ပြီး မိုင်းရှင်းတာ၊ လုံခြုံရေးယူပေးတာမျိုးတွေ လုပ်ပြီးမှ ပျူရွာတွေက ဈေးဝယ်ထွက်ရဲကြတာဖြစ်တယ်လို့ ဗိုလ်ကျီးကန်းက ပြောပါတယ်။

စစ်ကြောင်းနဲ့ ပျူစောထီးတွေက ပေါက်-သီးချောက် လမ်းပိုင်းကို ထွန်စက်ကားနဲ့ ထိုးပြီး လမ်းရှင်းထားစဥ်

 စျေးဝယ်ထွက်လာကြတဲ့ ပျူစောထီး ၁၀၀ ကျော်ပါ လူတန်းကြီးရဲ့ ရှေ့ဆုံးမှာ လက်နက်ကိုင်ပျူစောထီးတွေ လမ်းရှင်းရင်း သွားကြသလို ပေါက်မြို့ပေါ်ကလာတဲ့ အင်အား ၇၀ကျော်ပါ စစ်ကြောင်းက လမ်းဘေးမြောင်းတွေ၊ ယာခင်းတွေပေါ်က လမ်းလျှောက်ပြီး လုံခြုံရေးလိုက်ပေးကြရတာလို့ ဆိုပါတယ်။

ဇွန်လ ၁ရက်မှာ ဈေးဝယ်ထွက်ဖို့ မြို့ပေါ်က စစ်ကြောင်းဟာ မေလကုန်ပိုင်းလောက်ကတည်းက ရောက်လာလို့ သီးချောက်ရွာက ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဈေးဝယ်ထွက်ဖို့ မိုင်းလာရှင်းတဲ့ စစ်ကြောင်းလာတိုင်း သီးချောက်ရွာကိုဝင်ပြီး မီးရှို့တာတွေလုပ်လို့ အခုတခေါက်လည်း စစ်ကြောင်းထိုးလာကတည်းက ကြိုရှောင်ရတာ ၈ရက်ကြာ ရှောင်ခဲ့ရတယ်လို့ ဆိုပါတယ်။

စစ်ကြောင်းဝင်ပြီး မီးရှို့ခံထားရတဲ့ သီးချောက်ရွာက နေအိမ်အချို့

 "အရင်တခေါက်မှာ သီးချောက်ရွာထဲက အိမ်ခြေ ၂၆၀ ရှိတာကို ၂၃၀ လောက်မီးရှို့ခံလိုက်ရတယ်။ အခုတခေါက်က ၆ လုံးရှို့သွားတယ်။" လို့ပြောပါတယ်။

ဇွန်လ ၂ရက်မှာ သီးချောက်ရွာက ပြည်သူတွေ ရွာထဲပြန်ဝင်နိုင်ခဲ့ပြီး မီးရှို့ခံလိုက်ရတဲ့ အိမ်က ဒေသခံတွေကတော့ ဖြစ်သလိုနေထိုင်ကြရပြီး တချို့လည်းဆွေမျိုးနီးစပ်တွေရှိရာ ရွာတွေမှာ ပြောင်းရွှေ့နေထိုင်ကြရတယ်လို့ ပြောပါတယ်။

မိုင်းနင်းမိလို့ ပျူစောထီးတွေစျေးဆက်မဝယ်တော့ဘဲ ကိုယ့်ရွာကိုယ်ပြန်သွားကြသလို ပေါက်မြို့က ဆင်းလာတဲ့ စစ်ကြောင်းလည်း ပြန်သွားကြတယ်လို့ သိရပါတယ်။

 #မြေလတ်အသံ

#ပေါက်တောင်ပိုင်း #ပျူစောထီး #စျေးဝယ်ထွက် #မိုင်းနင်းမိ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10