ပျူရွာမှာတာဝန်ကျနေတဲ့ ရဲတဦးကို လက်နက်ခဲယမ်းတွေနဲ့ဖမ်းမိ

ပျူရွာမှာတာဝန်ကျနေတဲ့ ရဲတဦးကို လက်နက်ခဲယမ်းတွေနဲ့ဖမ်းမိ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အနောက်ဘုန်းကန်ရွာမှာ စစ်ကောင်စီရဲတပ်သားတဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ အရှင်ဖမ်းမိခဲ့တယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဆီက သိရပါတယ်။ 

အောက်တိုဘာ ၉ ရက် နေ့လယ် ၁၂ နာရီလောက်မှာ ညောင်ဂျစ်ပင်ပျူစောထီးကျေးရွာမှာ တာဝန်ကျနေတဲ့ ရဲတပ်သား အာကာဖြိုး ကို အနောက်ဘုန်းကန်ရွာအနီးမှာ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။ 

“ဒီကောင်က ကင်းပတ်နေတာကြာပြီ။ ကျနော်တို့က ချောင်းနေတာ။ ဒီကောင်က လူစွာလုပ်နေတာ။ ဒီနေ့ တော့ ကျနော်အမိအရဖမ်းလိုက်တာ။ လာတာတော့ ပခုက္ကူရဲစခန်းက လာတာ။ ညောင်ဂျစ်ပင်ပျူရွာမှာ တာဝန်ကျတာ။”လို့မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တာဝန်ခံ ဗိုလ်လက်ယာ က ပြောပါတယ်။  

သူနဲ့အတူ G3 သေနတ် ၁ လက်၊ ကျည် ၂၀၃ တောင့်၊ ကာဘိုင်ကျည် ၂၀၈ တောင့်၊ ကာဘိုင်ကျည်ဘောက် ၄ ခု၊ AK ကျည် ၁၆ တောင့်၊ 4.8 ကျည်အမျိုးအစား ၁၄ တောင့်၊ ၅.၅၆ ကျည် ၁၉၃ တောင့်၊ လက်ပစ်ဗုံး ၂ လုံး တို့ကို သိမ်းဆည်းရခဲ့တယ်လို့ ဆိုပါတယ်။

လုပ်သက် ၈ နှစ်ရှိတဲ့ ရဲတပ်သားအာကာဖြိုးဟာ လမ်းသွားကားတွေကို ပိုက်ဆံတောင်းဖို့ ထွက်လာချိန်မှာ ခုလိုဖမ်ဆီးခံခဲ့ရတာဖြစ်ပြီး လက်ရှိမှာတော့ သူ့ကို ကောင်းမွန်စွာစောင့်ရှောက်ထားတယ်လို့ ဗိုလ်လက်ယာက ပြောပါတယ်။ 

မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ အခုဖမ်းမိခဲ့တဲ့ ရဲတပ်သားအပါအဝင် ရဲနဲ့ စစ်သား ၉၀ ဦးခန့်ကို ဖမ်းမိထားနိုင်တယ်လို့လည်း သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေးတိုင်း #ပခုက္ကူ #ရဲတပ်သား #ဖမ်းမိ #မြိုင်ပကဖ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10