ပျူ ၂ ရွာကို ထောက်ပို့မလုပ်ဖို့နဲ့ ကျေးရွာတွေကို လက်နက်ကြီးနဲ့မပစ်ဖို့ စစ်အုပ်စုစခန်းကို သတိပေးပစ်ခတ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီအထိုင်စခန်းကို ဇွန်လ ၁၉ ရက် ညပိုင်း ၁၀ နာရီကနေ ၁၀ နာရီခွဲအထိ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သခင်ဒေါင်းညို ပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။

အဲဒီစခန်းဟာ ပျူစောထီးရွာလို့လူသိများတဲ့ အင်မထီးရွာနဲ့ ဇီးဖြူကုန်းရွာကို ရိက္ခာတွေ ထောက်ပံ့တာရှိသလို ပုလဲနယ်မှာလည်း စစ်ကောင်စီက ဆက်တိုက်စစ်ကြောင်းထိုးပြီး ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေရှိတာကြောင့် သတိပေးတဲ့အနေနဲ့ သွားရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"သတိပေးတဲ့အနေနဲ့ ကန့်ဒေါင့်စခန်းကို ပစ်ခတ်ခဲ့တာ၊ ပစ်ခတ်ချိန်က နာရီဝက်လောက်ကြာတယ်၊ စခန်းအနားထိ ကပ်နိုင်ခဲ့တယ်၊ သူတို့စခန်း လွယ်လွယ်ကူကူနဲ့ သိမ်းလို့ရတယ်ဆိုတာကို အသိပေးလိုက်သလိုပေါ့၊ ကန့်ဒေါင့်ဒေသခံတွေ ပြောပြချက်အရ ပစ်ခတ်မှုမှာ ဒဏ်ရာရသူတွေ ၃ ယောက်လောက် ရှိတယ်" လို့ သခင်ဒေါင်းညိုပြောက်ကျားတပ်ဖွဲ့ တာဝန်ခံက ပြောပါတယ်။

ဒီပစ်ခတ်တိုက်ခိုက်မှုကို သခင်ဒေါင်းညိုပြောက်ကျားတပ်ဖွဲ့ နဲ့ LRG အဖွဲ့တို့က ပူးပေါင်းပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ 

ကန့်ဒေါင့်စခန်းမှာ စစ်ကောင်စီအဖွဲ့ဝင် အင်အား ၅၀ ကျော်လောက် ရှိနေပြီး ဘယ်တပ် ဘယ်လက်အောက်ခံဆိုတာတော့ မသိရသေးဘဲ လက်ရှိအချိန်ထိ အဲ့ဒီစခန်းမှာပဲ ဆက်လက်တပ်စွဲထားပြီး စစ်ဆေးရေးတွေတင်းကြပ်နေကာ စခန်းပတ်ချာလည်မှာလည်း မိုင်းတွေ ထောင်ထားတယ်လို့ ဆိုပါတယ်။

 

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#စစ်ကိုင်း #စစ်ကောင်စီ #စခန်း #ပစ်ခတ်ခံရ #ပျူစောထီး #သခင်ဒေါင်းညို #LRG

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10