ပျောက်ဆုံးနေဆဲ ယမား (ရုပ်ပုံလွှာ)

ပျောက်ဆုံးနေဆဲ ယမား (ရုပ်ပုံလွှာ)

စစ်ကိုင်းပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ဗကသ)အဖွဲ့ချုပ်ဥက္ကဋ္ဌ မအေးနန္ဒာစိုးသည် မန္တလေး နန်းတွင်းစစ်ကြောရေးမှ ပျောက်ဆုံးသွားခဲ့သည်မှာ ယခုဆိုလျှင် ၃ နှစ်နီးပါးရှိပြီ ဖြစ်သည်။ ၂၀၂၁ စက်တင်ဘာ ၁၉ ရက်တွင် အဖမ်းခံရပြီး မန္တလေးစစ်ကြောရေးတွင် ၃ လကြာ နေရပြီးနောက် ယင်းသို့ ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်သည်။

မအေးနန္ဒာစိုးသည် ၂၀၁၉-၂၀၂၀ တွင် စစ်ကိုင်းပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ဗကသ)များအဖွဲ့ချုပ်၏ ဥက္ကဋ္ဌဖြစ်သည်။ 

လုပ်ဖော်ကိုင်ဖက်များက သူ့ကို စိုးကြီးဟု ချစ်စနိုးခေါ်ကြသည်။ မန္တလေးနန်းတွင်းစစ်ကြောရေးမှာတော့ သူ့ကို အားလုံးက ယမားဟုသာ ခေါ်ကြသည်။ ယမားဟူသော နာမည်မှာ ကဗျာရေးသည့်အခါ သူ အသုံးပြုသည့် ကလောင်ဖြစ်သည်။ 

သူသည် စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှ ဖြစ်သည်။ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဂုဏ်ထူး ၅ ဘာသာဖြင့် အောင်မြင်ခဲ့ပြီး တန့်ဆည်မြို့နယ်ဂုဏ်ဆောင် ထူးချွန်တဲ့ကျောင်းသူ တယောက်ဖြစ်ခဲ့သည်။ 

ရှားရှားပါးပါး ဂုဏ်ထူးရထူးချွန်ကျောင်းသူဖြစ်တာကြောင့် မိဘအသိုင်းဝိုင်းနှင့် ဆရာများက သူ့ကို ဆေးတက္ကသိုလ်တက်ကာ ဆရာဝန် ဖြစ်စေချင်ကြသည်။ သို့သော် သူက ကျောင်းဆရာမပဲ လုပ်မည်ဟုဆိုကာ စစ်ကိုင်းပညာရေးတက္ကသိုလ်ကို ရွေးချယ်ခဲ့သည်။ 

တက္ကသိုလ်ဒုတိယနှစ်ကျောင်းသူဘဝတွင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂ(ဗကသ)အဖွဲ့ဝင် ဖြစ်လာခဲ့ သည်။

ယမားသည် ဆယ်ကျော်သက်အရွယ်ကတည်းက နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်သလို ကချင်ပြည်နယ်က စစ်ရှောင်စခန်းများ၌လည်း သွားရောက်ကူညီတာမျိုး ပြုလုပ်ခဲ့သည်။ စတုတ္ထနှစ်တွင် သူသည် စစ်ကိုင်းပညာရေး တက္ကသိုလ်၏ ဗကသဥက္ကဌဖြစ်လာခဲ့သည်။ 

သူ့ကို လူသိများခဲ့သည့်ဖြစ်စဉ်မှာ ၂၀၂၀ ခုနှစ် အစိမ်းရောင်လှုပ်ရှားမှုဖြစ်သည်။ ပညာရေးကောလိပ်ဆင်းများကို အစိုးရက ဒီပလိုမာပေးသည်။ ၎င်းတို့အနေဖြင့် ဘွဲ့လိုချင်ပါက တခြားတက္ကသိုလ်၌ ပထမနှစ်ကနေ ပြန်တက်ကြရသည်။ 

ထို့ကြောင့် အဆိုပါ သတ်မှတ်ချက်ကို ပြင်ဆင်ပြီး ဒုတိယနှစ်၊ တတိယနှစ်ကနေ ပြန်တက်ခွင့်ရရေးနှင့် ကျောင်းဆရာ၊ ဆရာမများကို နွေရာသီအထိ စာသင်ချိန် ပိုသင်ခိုင်းသည့်ကိစ္စများကို ပြင်ဆင်ပေးရန် ပညာရေးကောလိပ်များက အစိမ်းရောင်လှုပ်ရှားမှုကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ 

အဆိုပါ လှုပ်ရှားမှုကို ယမားတို့က သွားရောက်ဝန်းရံခဲ့ကြသည်။ ယမားတို့အဖွဲ့  မန္တလေးပညာရေးကောလိပ်သို့ ရောက်ပြီး ကျောင်းတွင်းဆန္ဒပြဖို့ပြင်ဆင်နေသည့်အချိန် ဆရာ၊ ဆရာမများက တားမြစ်ကြသည်။ ထိုအခါ ယမားက "အဲဒီ ယန္တယားကို မကြိုက်လို့ ရပ်နေတာပါ။ တီချယ်တို့ ကျောင်းပြင်ထွက်နေပါ။ သမီးတို့ ကျောင်းကို သိမ်းလိုက်ပြီ" ဟု တုံ့ပြန်ပြောဆိုခဲ့သည်။ 

အဆိုပါ တုံ့ပြန်ပြောဆိုခဲ့သည့် ရုပ်သံဖိုင်သည် ဆိုရှယ်မီဒီယာပေါ်တွင် ပြန့်နှံ့ခဲ့ပြီး ဆရာမကို ယင်းသို့ပြောဆိုခဲ့ ခြင်းအတွက် ဝေဖန်သံများ ဆူညံခဲ့သည်။ 

ထိုစဉ်က NLD အစိုးရထောက်ခံသူများအပါအဝင် ကာတွန်းဆရာများကလည်း ယမားကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြသည်။ 

သို့သော် ယမားသည် မှန်သည်ဟု ယူဆလျှင် ရဲရဲဝံ့ဝံ့ဆုပ်ကိုင်ပြောဆိုသည့် စရိုက်ရှိကြောင်းကို သူနှင့်အတူ အလုပ်လုပ်ဖူးသည့် စစ်ကိုင်းပညာရေးတက္ကသိုလ် ဒုတိယဥက္ကဌက ယခုလို ပြောသည်။ 

"တော်တော်ကိုခေါင်းမာတဲ့ ရဲဘော်ဗျာ။ သူယုံကြည်တာကို ပြတ်ပြတ်သားသားကို လုပ်လေ့လုပ်ထရှိတယ်။ ကျန်တဲ့အရာတွေကို သိပ်ပြီးမစဥ်းစားတဲ့လူဗျာ" 

စစ်ကိုင်းပညာရေးတက္ကသိုလ် ဒုတိယဥက္ကဌသည် လက်ရှိ၌ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးလှုပ်ရှားမှုများကို ဆောင်ရွက်နေခြင်းကြောင့် အမည်မဖော်ပြရန် တောင်းဆိုထားသည်။ 

၂၀၂၁ ခုနှစ်၊ စစ်တပ်က အာဏာသိမ်းချိန်၌ ဗကသကျောင်းသားသပိတ်များတွင် ယမားက ဦးဆောင်ပါဝင်ခဲ့သည်။ နယ်များတွင် သပိတ်များအားမကောင်းဟုဆိုကာ တန့်ဆည်မြို့နယ်ပြန်ပြီး စစ်တပ်ဆန့်ကျင်ရေး သပိတ်များကို လုပ်ဆောင်ခဲ့သည်။

သပိတ်များစတင်ပြီး ရက်ပိုင်းအကြာမှာ အကြမ်းဖက်ဖြိုခွင်းခြင်းများစတင်ခဲ့ပြီးနောက် လက်နက်ချင်းတုံ့ပြန်မှ ရမည်ဆိုသည့်အတွေး ယမားခေါင်းထဲရောက်သွားသည်။ 

ထို့ကြောင့် ၂၀၂၁ မေလ၌ ယမားအပါအဝင် ကျောင်းသားများသည် ကချင်ပြည်နယ်ထဲရှိ KIA စိုးမိုးနယ်မြေတခုသို့ စစ်သင်တန်းတက်ရောက်ရန် ခရီးထွက်ခဲ့သည်။ 

"အဲဒီကာလမှာ ပထမဆုံးစစ်သင်တန်းပဲ။ အမျိုးသမီး ၄ ယောက်လောက်ပဲ ပါတယ်။ အဲဒီအထဲ အေးနန္ဒာစိုး ပါတယ်။ တော်တော်ပင်ပန်းတာဗျာ။ သူရအောင်တက်နိုင်ခဲ့တယ်" ဟု စစ်ကိုင်းပညာရေးတက္ကသိုလ် ဒုတိယဥက္ကဌ က ပြောသည်။

အဆိုပါစစ်သင်တန်း ၁ လကျော်ကြာ တက်ရောက်ပြီးသည့်နောက် သင်တန်းဆင်းခဲ့သည်။ ထို့နောက် လက်နက် ရရှိနိုင်စေရန် KNU အခြေစိုက်သည့် တောင်ပိုင်းနယ်မြေသို့ ထပ်မံခရီးထွက်ခဲ့သည်။ လက်နက်ရရှိရေး အဆင်မပြေသည့်အတွက် ရဲဘော်တွေအားလုံး မြန်မာပြည်အလယ်ပိုင်း (စစ်ကိုင်း၊ မန္တလေး)၌ ပြန်ဆုံကြရန် ချိန်းဆိုခဲ့ကြသည်ဟု သူကဆက်ပြောသည်။ 

မန္တလေးသို့ ယမား ပြန်ရောက်သည့်အချိန် ဗကသအဖွဲ့ချုပ်အစည်းအဝေး လုပ်သည်။ သူက တန့်ဆည်သို့ ပြန်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်များလုပ်ရမည်၊ နယ်မြေတချို့တွင် စစ်သင်တန်းများပေးရမည်ဆိုသည့် တာဝန်ကျလာသည်။ 

ထို့ကြောင့် စစ်ကိုင်းဘက်ရှိ ရဲဘော်များနှင့် ချိန်းဆိုပြီး ယမားတယောက် တန့်ဆည်သို့ ပြန်ရန်ပြင်ဆင်ရတော့ သည်။ 

မပြန်ခင်ည၌ စစ်ကြောရေးမှ ပြန်လည်လွတ်မြောက်လာသည့် ယခင်က ရဲဘော်ဟောင်း ကဗျာဆရာ တယောက် နှင့် လက်ဖက်ရည်ဆိုင်ထိုင်ခဲ့သည်ဟု မန္တလေးနန်းတွင်းစစ်ကြောရေးတွင် ယမားနှင့်အတူ တခန်းတည်းနေခဲ့သည့် မအိမ်သူ(အမည်လွှဲ)က ပြောသည်။

စစ်ကြောရေးတွင်အတူနေခဲ့စဉ် ယမား၏ ပြောကြားချက်အရ တန့်ဆည်မြို့သို့ ပြန်မည့်ကားလက်မှတ်ကိုလည်း အဆိုပါ ကဗျာဆရာကပင် ဖြတ်ပေးခဲ့ခြင်းဖြစ်သည်ဟု သူက ဆက်ပြောသည်။

၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၉ ရက် နေ့လယ်ပိုင်းတွင် ယမားသည် မန္တလေးမြို့မှ တန့်ဆည်သို့ အဝေးပြေးကားစီးကာ ပြန်လာခဲ့သည်။ 

သူစီးလာသည့် အဝေးပြေးကားကို စစ်ကိုင်းတံတား၊ မန္တလေးဘက်အခြမ်း(နှာပေါက်)တွင် စစ်ကောင်စီတပ်သားများက တားဆီးလိုက်သည်။ စစ်သားများသည် ကားပေါ်တက်လာပြီး မည်သူ့ကိုမျှ စစ်ဆေးမေးခြင်းမပြုဘဲ ယမားဆီသို့သာတန်းလာကာ မှတ်ပုံတင်တောင်းသည်။ 

မှတ်ပုံတင်ကို ကြည့်ပြီးသည့်နောက်မှာတော့ စစ်သားများက ယမားကို ကားပေါ်မှဆွဲချကာ အမရပူရရဲစခန်းသို့ ခေါ်ဆောင်သွားတော့သည်။ 

သူ့ကို ရဲစခန်းတွင် ၃ ရက်ကြာ စစ်ဆေးမှုများပြုလုပ်သည်။ ဘာမှ မေးမရသည့်အဆုံး မန္တလေးနန်းတွင်း စစ်ကြောရေးသို့ ပို့ဆောင်လိုက်ကြတော့သည်။

စစ်ကြောရေးသို့ ယမားရောက်ပြီးနောက် အောက်တိုဘာ ၁ ရက်မှာ ထပ်မံရောက်လာသူက မအိမ်သူဖြစ်သည်။ မအိမ်သူ၏ ရည်စားဖြစ်သူမှာ ယမားနှင့် ရဲဘော်ရဲဘက် ဗကသကျောင်းသားတဦးဖြစ်သည်။

"အရင်က ဖေ့ဘုတ်မှာပဲ အေးနန္ဒာစိုးဆိုပြီးသိတာ။ အထဲရောက်မှ ကျွန်မတို့ ပထမဆုံး ဆုံဖူးကြတာ" ဟု မအိမ်သူက ပြောပါတယ်။

မအိမ်သူကို စစ်တပ်က စက်တင်ဘာ ၃၀ ရက်မှာ မန္တလေးမြို့ရှိ နေအိမ်မှာ လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။  

မန္တလေးနန်းတွင်းစစ်ကြောရေး၌ ယမားနှင့် မအိမ်သူ နေထိုင်ရသည့်နေရာက အခန်းတွဲ ၁၀ ခန်းလောက်ရှိသည့် အခန်းရှည်ကြီးထဲက အခန်း ၁ ခန်းဖြစ်ပြီး လူ ၃ ၊ ၄ ယောက်အထိ ထားသည်။ 

ထိုအခန်းထဲတွင် အသက် ၂၃ နှစ်အရွယ် ယမား၊ ၂၄ နှစ် အရွယ် မအိမ်သူနှင့် အသက် ၆၀ ကျော်အရွယ် မန္တလေးမြို့ အောင်မြေသာစံမြို့နယ်က အမျိုးသမီး ၁ ဦးတို့ အတူနေရသည်။ 

သူတို့ ၃ ယောက်တွင် ယမား တဦးတည်းသာ ပုဒ်မ မထွက်ဘဲ မအိမ်သူနှင့် ကျန်အမျိုးသမီးတဦးကတော့ နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ ဖြင့် အမှုဖွင့်ခံထားရသည်။ 

စစ်ကြောရေးတွင် မအိမ်သူက သိပ်ပြီး အစစ်အဆေးမခံရသော်လည်း ယမားကတော့ နေ့စဥ်နီးပါး စစ်ကြောရေး လုပ်ခံရသည်ဟု မအိမ်သူက ပြောသည်။ 

တခါကဆို မနက် ၇ နာရီလောက်ကနေခေါ်ထုတ်သွားပြီး ည ၉ နာရီလောက်အထိ ပြန်မရောက်လာတာကြောင့် တဆောင်လုံး စိတ်ပူခဲ့ရသေးသည်ဟု သူက ပြောသည်။ 

သို့သော် ယမားပြန်ရောက်လာသည့်အခါ နှိပ်စက်ခံထားရခြင်း လဏ္ခာမတွေ့ရ။ စစ်ဆေးခံရပြီး ပြန်ရောက်လာ တိုင်းလည်း တက်တက်ကြွကြွပုံစံမျိုးကို တွေ့ရသည်ဟု ဆိုသည်။ 

"ကျနော် ဘာတခုမှ မဖြေခဲ့ဘူး အမ။ တောင်မေးရင် မြောက်ဖြေတယ်။ အကြောင်ရိုက်လိုက်တယ်။" ဟု စစ်ဆေးခံ ရပြီး ပြန်လာတိုင်း ယမားက ပြန်ပြောလေ့ရှိသည်ဟု မအိမ်သူက ဆိုသည်။ 

တကြိမ်ကဆိုလျှင် စစ်ကြောရေးဝင်သူများက မြေပုံတခုကို ချပြပြီး KIA တွင် သင်တန်းတက်ခဲ့သည့်နေရာကို ပြခိုင်းသည်။ ထိုအခါ ယမားက နေရာလွှဲကာ ပြောခဲ့ရသည်ဟုဆိုသည်။ 

အတူနေခဲ့ရသည့် ၉ ရက်ကြာကာလအတွင်း မအိမ်သူကို ယမားက ဗကသလှုပ်ရှားမှုများအကြောင်းကိုလည်း ပြောပြတတ်သည်။

၂၀၂၁ အောက်တိုဘာ ၉ ရက်တွင် နန်းတွင်းစစ်ကြောရေး၌ လူပြည့်လာသည့်အတွက် လူဟောင်းများကို နန်းတွင်းထဲရှိ ဓမ္မာရုံပျက်တခုသို့ ပို့လိုက်ကြသည်။ 

နောက်ရက် မွန်းလွဲ ၂ နာရီခန့်တွင် မအိမ်သူနှင့် အသက် ၆၀ ကျော်အရွယ် အမျိုးသမီးအပါအဝင် ၄ ဦးသည် မန္တလေးအိုးဘိုအကျဉ်းထောင်သို့ ပြောင်းရွှေ့လိုက်ရသည်။ ယမားကတော့ နန်းတွင်းစစ်ကြောရေး၌သာ ကျန်ခဲ့ရသည်ဟု မအိမ်သူက ပြောသည်။ 

စနေ၊ တနင်္ဂနွေရက်များတွင် နန်းတွင်း စစ်ကြောရေးမှ စစ်ဆေးပြီးသူများကို အိုးဘိုထောင်သို့ ပို့လေ့ရှိသည်။ ထို့ကြောင့် ရောက်လာသူများတွင် ယမားတယောက်ပါလေမလားဟု မျှော်ခဲ့ရပုံနှင့် ယမားသတင်းကို မေးခဲ့ရသည့်အဖြစ်ကို မအိမ်သူက ယခုလို ပြောသည်။ 

"လူတွေလာတိုင်း တတိုက်တည်းအတူနေခဲ့သူတွေက ယမားရော၊ ယမားအခြေအနေရောဆိုပြီး မေးကြတာပေါ့" 

သို့သော် ယမားခေါ် မအေးနန္ဒာစိုးဟာ ပေါ်မလာတော့ပေ။ ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် ယမားနှင့် အကျဉ်းသား (အမျိုးသား) ၃ ဦး စုစုပေါင်း ၄ ဦးကို စစ်တပ်က နန်းတွင်းစစ်ကြောရေးမှ ခေါ်ထုတ်သွားခဲ့သည်။ ယမားအပါအဝင် အဆိုပါ အကျဉ်းသား ၄ ဦးဟာ အဆက်အသွယ်လုံးဝပြတ်သွားကာ ယနေ့အထိပျောက်ဆုံးနေဆဲဖြစ်သည်။

နန်းတွင်းစစ်ကြောရေးမှ အိုးဘိုထောင်သို့ရောက်လာသူတဦး၏ အဆိုရ ယမားနှင့် အမျိုးသား ၃ ဦးကို ည ၉ နာရီ အချိန်တွင် စစ်သားများက လာရောက်ခေါ်ဆောင်သွားခြင်း ဖြစ်သည်ဟု ဆိုသည်။ 

စစ်ကြောရေးမှ ခေါ်ထုတ်သွားသည့်အချိန် "အမတို့၊ အကိုတို့ရေ ညီမသွားပြီ။" ဟူသော နှုတ်ဆက်စကားသည် ယမားထံမှ နောက်ဆုံးကြားခဲ့ရသည့် စကားဖြစ်သည်။ 

ယခုဆိုလျှင် ယမား ပျောက်ဆုံးသွားသည်မှာ ၃ နှစ်ကျော်လာခဲ့ပြီဖြစ်သည်။ 

မိသားစုဝင်များနှင့် သူ၏ ရဲဘော်ရဲဘက်များကတော့ ယမား ခေါ် မအေးနန္ဒာစိုးတယောက် ဘေးကင်း အသက်ရှင်လျက် တနေ့နေ့တွင် ပြန်လည်လွတ်မြောက်လာနိုင်မည်ဟု ယုံကြည်နေကြသည်။

#မြေလတ်အသံ

#ဆောင်းပါး #ရုပ်ပုံလွှာ #အေးနန္ဒာစိုး #ယမား 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10