ပျောက်ဆုံးနေတဲ့ ကိုရင် ၄ ပါး ၁၀ ရက်ကျော်ကြာတဲ့အထိ ပြန်မတွေ့သေး

ပျောက်ဆုံးနေတဲ့ ကိုရင် ၄ ပါး ၁၀ ရက်ကျော်ကြာတဲ့အထိ ပြန်မတွေ့သေး

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ (၁၀) မိုင်ကုန်းရှိ မဟာဝိဟာရကျောင်းတိုက်ကနေ ပျောက်ဆုံးနေတဲ့ ကိုရင် ၄ ပါး ၁၀ ရက်ကျော်ကြာတဲ့အထိ ပြန်မတွေ့သေးဘူးလို့ ကျောင်းတိုက်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။

ပျောက်ဆုံးနေတဲ့ ကိုရင် ၄ပါးဟာ အသက် ၁၀ နှစ်မှ ၁၂ နှစ်ကြားအရွယ်တွေရှိတဲ့ ရှင်ဓမ္မနန္ဒ၊ ရှင်ဃောသက၊ ရှင်စန္ဒ၊ ရှင်ပညာသိရီတို့ ဖြစ်တယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၁၄ ရက်ဝန်းကျင်က မနက်အရုံဆွမ်း ဘုန်းမပေးခင်အချိန်ကတည်းက ကိုရင် ၄ ပါးဟာ ကျောင်းတိုက်ကနေ ထွက်ခွာသွားတာဖြစ်ပြီး ဒီနေ့အချိန်ထိ အဆက်အသွယ်မရသေးဘူးလို့ ဆိုပါတယ်။

"သူတို့ပျောက်တဲ့မနက်အစောပိုင်းက အိမ်သာဝင်နေကြတာကို ကျောင်းက ကပ္ပိယကတွေ့လိုက်သေးတယ်တဲ့။ ဆွမ်းစားချိန်ရောက်တော့ သူတို့တွေကို မတွေ့တော့ ယနေ့ထိ ကျောင်းက လိုက်လံစုံစမ်းရှာဖွေနေပေမယ့် မတွေ့သေးဘူး" လို့ ကျောင်းတိုက်နဲ့နီးစပ်သူတဦးက ပြောပါတယ်။

ကိုရင်တွေ ကျောင်းတိုက်က ထွက်သွားချိန် ငွေကြေး၊ ဖိနပ်၊ သပိတ်၊ ထီး စတာတွေ မပါသွားဘဲ ဝတ်ဆင်ထားတဲ့ သင်္ကန်းတစုံစီသာ ပါသွားတာလို့ သိရပါတယ်။

ကိုရင်တွေရဲ့ မိသားစုတွေထံ ပြန်ရောက် မရောက်ကို ကျောင်းတိုက်တာဝန်ရှိသူတွေထံ ဆက်သွယ် မေးမြန်းခဲ့ပေမယ့် မိသားစုဝင်တွေထံကိုလည်း ပြန်မရောက်ကြသေးဘူးလို့ သိရပါတယ်။

အဆိုပါ ကိုရင် ၄ ပါးဟာ မဟာဝိဟာရကျောင်းတိုက်မှာ ရောက်ရှိသတင်းသုံးနေတာဟာ ၄ ဝါနီးပါးရှိပြီလို့လည်း သိရပါတယ်။

ကိုရင် ၄ ပါးဟာ ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်မှ ရှင်ဓမ္မနန္ဒ၊ လားရှိုးမြို့နယ်မှ ရှင်ဃောသက၊ ရခိုင်ပြည်နယ်၊ တောင်ကုပ်မြို့နယ်မှ ရှင်စန္ဒနှင့် ရခိုင်ပြည်နယ်၊ ဂွမြို့မှ ရှင်ပညာသိရီ တို့ဖြစ်ပါတယ်။

ကိုရင်ငယ်တွေကို မိမိတို့မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာတွေမှာ တွေ့ရှိပါက ဖုန်းနံပါတ် ၀၉ ၆၇၆၆၉၁၄၇၅၊ ၀၉ ၆၉၇၄၅၆၀၈၁၊ ၀၉ ၆၆၈၆၁၄၁၇၄၊ ၀၉ ၇၉၀၇၇၂၉၃၃ သို့ဆက်သွယ်အကြောင်းကြားပေးနိုင်ရန် သက်ဆိုင်ရာ ကျောင်းတိုက်မှ အကူအညီတောင်းခံထားပါတယ်။

စာတည်း-လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #မဟာဝိဟာရကျောင်းတိုက် #ပျောက်ဆုံး #ကိုရင် #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10