ပျောက်ဆုံးနေတဲ့ DVB သတင်းထောက် ရွှေဘိုထောင်ကိုရောက်ရှိနေ

ပျောက်ဆုံးနေတဲ့ DVB သတင်းထောက် ရွှေဘိုထောင်ကိုရောက်ရှိနေ

ဥပဒေမဲ့ဖမ်းဆီးခံ DVB သတင်းထောက် ပျောက်ဆုံးနေမူကို ရှာဖွေစုံစမ်းပေးဖို့ တင်သွင်းတဲ့စာချွန်တော်ကို စစ်ကိုင်းတိုင်း တရားသူကြီးချုပ်က ပယ်ချခဲ့ပြီးနောက် အဲဒီသတင်းထောက်ဟာ ဇန်နဝါရီ ၁၃ ရက် မနေ့က ရွှေဘိုထောင်ကို ရောက်ရှိလာပြီဖြစ်ကြောင်း သူရဲ့အကျိုးဆောင်ရှေ့နေက ပြောပါတယ်။

ဇန်နဝါရီ ၁၃ ရက် မနေ့ကနေ့လည် ၁၂ နာရီမှာသတင်းထောက်ကို အောင်စံလင်းဟာ ရွှေဘိုထောင်ကို ရောက်ရှိခဲ့ပေမယ့် တွေ့ခွင့်မရသေးဘူးလို့ သိရပါတယ်။

"ရွှေဘိုထောင်ကို ဦးအောင်စံလင်း ရောက်ပြီလို့ ထောင်အာဏာပိုင်က အကြောင်းကြားလာတယ်။ အစားသောက်အဝတ်အစားပို့လို့ရပြီ မိသားစုနဲ့ တွေ့ခွင့်မရသေးဘူး" လို့ အကျိုးဆောင်ရှေ့နေ ဒေါက်တာဖိုးဖြူက ပြောပါတယ်။

သူ့ကိုပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၁ ရက်ည ၁၂ နာရီမှာ စစ်တပ်နဲ့ရဲတို့ကသူနေထိုင်ရာ ဝက်လက်မြို့နယ်၊ ပင်စင်းရွာကနေ ဖမ်းဆီးခဲ့တာဖြစ်ပြီး၊ အဲဒီအချိန်ကစလို့ ဘယ်နေရာမှာချုပ်နှောင်ထားတယ်ဆိုတာကို မိသားစုက သိရှိရခြင်းမရှိသလို နယ်မြေပိုင်ရဲစခန်းကို သွားရောက်စုံစမ်းတဲ့အခါမှာလည်း ချုပ်နောင်ထားတဲ့နေရာကို သိရှိခြင်းမရှိဘူးလို့ ဆိုပါတယ်။

"ဖမ်းပြီးနောက်နေ့ကစလို့ အဝတ်အစားစားစရာပေးဖို့ ဝက်လက်ရဲစခန်းကိုလိုက်သွားတယ်မရှိဘူးတဲ့ ဘယ်မှာချုပ်နှောင်ထားလည်းမေးတော့လည်း မသိဘူးလို့ ​ပြောတယ်" လို့ သူရဲ့မိသားစုဝင်တဦးကပြောပါတယ်။

ဝက်လက်ရဲစခန်းက ငြင်းဆန်ခဲ့ပေမယ့် ကိုအောင်စံလင်းကို မှတ်တမ်းဓါတ်ပုံရိုက်ကူးတဲ့နေရာဟာ ဝက်လက်ရဲစခန်းအတွင်းမှာ ရိုက်ကူးခဲ့တာဖြစ်ကြောင်း ထွက်ပေါ်လာတဲ့မှတ်တမ်းဓါတ်ပုံက သက်သေခံနေတာကို တွေ့ရပါတယ်။

ဖမ်းဆီးခံရသူပျောက်ဆုံးနေလို့ စုံစမ်းရှာဖွေ ဖော်ထုတ်ပေးဖို့ သူရဲ့ရှေ့နေဒေါက်တာဖိုးဖြူက ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၁၉ အရ စစ်ကိုင်းတိုင်းဒေသကြီးတရားသူကြီးချုပ် ဦးဖြိုးဖြိုးကို ဇန်နဝါရီလ ၁၀ ရက်နေ့က စာချွန်တော်လျှောက်ထားခဲ့တာကို ပယ်ချခဲ့ပြီးနောက် လိုက်လံစုံစမ်းရာက ပြန်လည်တွေ့ရှိရခြင်းဖြစ်ပြီး လာမဲ့ဇန်နဝါရီ ၂၆ ရက်နေ့မှာ ရွှေဘိုထောင်တွင်းက အထူးတရားရုံးမှာ အမှုစစ်မှာဖြစ်တယ်လို့ သိရပါတယ်။

တလကျော်ချုပ်နှောင်ထားတဲ့ကာလအတွင်း မိသားစုရှေ့နေတို့နဲ့ တွေခွင့်မရခဲ့သလို ဘယ်မှာချုပ်နှောင်ခဲ့တယ်ဆိုတာကိုလည်း မသိရှိရတဲ့အပြင် ဥပဒေပါအခွင့်အရေးနဲ့ အကျဥ်းသားအခွင့်အရေးတွေလည်း ဆုံးရူံးနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီလက်ထက်မှာ နိုင်ငံရေးနဲ့ဆက်နွယ်ပြီး ဖမ်းဆီးခံရပါက ရဲစခန်းရောက်စဥ်ကပင် ကိုဗစ်ရောဂါအကြောင်းပြကာ မိသားစုနဲ့တွေစုံခွင့်ပိတ်ပင်ထားပြီး အများစုဟာ စစ်ကြောရေးရဲ့ ညှင်းပမ်းနိပ်စက်မူကိုခံရပြီး ပြန်လည်ပေါက်ကြားမှာစိုးတဲ့အတွက် တွေ့ဆုံခွင့်မပေးတာလည်း ပါဝင်တယ်လို့ သိရပါတယ်။

အလားတူပင် အကျဥ်းထောင်တွေမှာလည်း မိသားစုတွေ့ဆုံခွင့်ပိတ်ပင်ထားပြီး ထောင်အာဏာပိုင်ကို ငွေပေးနိုင်သူအချို့သာ မိသားစုနဲ့တွေ့ဆုံခွင့်ရတယ်လို့ ပုဒ်မ ၅၀၅ (က) မတရားဖမ်းဆီးခံထားရသူတဦးရဲ့ ဇနီးဖြစ်သူက ပြောပါတယ်။

အခုလို စစ်ကောင်စီလက်ထက်မှာ သတင်းသမားတွေကိုအကြောင်းအမျိုးမျိုးပြကာ ဥပဒေမဲ့ဖမ်းဆီးခဲ့တဲ့ဦးရေဟာ ၁၀၀ ကျော်ရှိပြိီးလွတ်ငြိမ်းခွင့်နဲ့ ပြန်လွတ်သူတွေလည်းရှိသလို လက်ရှိအချိန်အထိ အမူရင်ဆိုင်နေရတဲ့ သတင်းသမား ၅၀ ဦး အကျဥ်းထောင်ထဲမှာ ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10